အင်တာနက်ပြန်ဖွင့်ဖို့ ဆန္ဒပြတဲ့ ကျောင်းသား‌တွေ အမှုဖွင့်ခံရ

ရခိုင် နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေကို အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ရန်ကုန်က တက္ကသိုလ်ကျောင်းသား ကိုးယောက်ကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ရဲက အမှုဖွင့်ထားပါတယ်။

ရခိုင်အင်တာနက်ပြန်ရရေး ရန်ကုန်မှာ ဆန္ဒပြခဲ့တဲ့ ကျောင်းသား နှစ်ဦး ၂ဝ၂ဝ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အဖမ်းခံရစဉ် Photo: Aung San Win

ရခိုင် နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေကို အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ရန်ကုန်က တက္ကသိုလ်ကျောင်းသား ကိုးယောက်ကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ရဲက အမှုဖွင့်ထားပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ရှစ်ခု နဲ့ ချင်းပြည်နယ် ပလက်ဝမှာ အင်တာနက်ပိတ်ထားတာကို ပြန်ဖွင့်ဖို့အတွက် တနင်္ဂနွေနေ့တုန်းက ရန်ကုန်မှာ ဆန္ဒပြတောင်းဆိုရာမှာပါဝင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူ ကိုးယောက်ထဲက ‌ခြောက်ယောက်ကို ရဲက ဒီနေ့မနက်မှာ ခေါ်ယူစစ်မေးခဲ့ပါတယ်။

ရဲအချို့ဟာ အရပ်ဝတ်နဲ့ တက္ကသိုလ်ကျောင်းဝင်းထဲအထိလာပြီး ကျောင်းသား နှစ်ဦးကို ဖမ်းဆီး သွားတာဖြစ်ပြီး၊ နေ့လည်ပိုင်းမှာတော့  နောက်ထပ်ကျောင်းသူ နှစ်ဦးနဲ့ ကျောင်းသား နှစ်ဦးကို အရပ်ဝတ်တွေနဲ့ လာဖမ်းတာလို့ ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) က အထွေထွေအတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းက ပြောပါတယ်။

ကိုမြတ်ဟိန်းထွန်းဟာ အမှုဖွင့်ခံထားရတဲ့ ကိုးယောက်ထဲက တစ်ယောက်ပါ။

ရန်ကုန်မြို့မှာရှိတဲ့ ရခိုင်ကျောင်းသားများ သမဂ္ဂတွေ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်က ကျောင်းသား၊ ကျောင်းသူ အယောက် ၁၀၀ ကျော်က မနေ့က လှည်းတန်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီမိုကရေစီစနစ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြဖို့အတွက် အစိုးရဆီက ခွင့်တောင်းစရာမလိုဘူးလို့ ခံယူထားတာကြောင့် ဘာခွင့်ချက်မှ မယူခဲ့ဘူးလို့လည်း ဗကသများအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ကိုထူးခန့်ဇော်က ပြောပါတယ်။

ကျောင်းသားတွေကို ကျောင်းဝန်းထဲအထိလိုက်ပြီး ဖမ်းဆီးစစ်ဆေးတာနဲ့ ပတ်သက်ပြီး ကမာရွတ်မြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်ပေမယ့် ဖြေလို့မရဘူးဆိုပြီး တာဝန်ကျရဲအရာရှိတစ်ယောက်က ပြောပါတယ်။

တိုင်းပြည်အကျိုးရှိဖို့အတွက် အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာလို့ သမ္မတရုံးကလည်း ပြောထားပြီးတော့ တပ်မတော်ကလည်း တိုက်ပွဲဖြစ်နေသရွေ့ အင်တာနက်ဆက်ပိတ်ထားမယ်လို့ စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

စစ်ဖြစ်နေတဲ့နေရာက ပြည်သူတွေအတွက် သတင်းအချက်လက်တွေ သိခွင့်မရလို့ အခုလိုဆန္ဒပြတာကို အရေးယူတာဟာ လူ့အခွင့်အရေးကို နှစ်ထပ်ကွမ်း ချိုးဖောက်တာဖြစ်တယ်လို့ အသံအဖွဲ့က ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။

ဒီနေ့ ညနေပိုင်းအထိ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ကျောင်းသားတွေနဲ့ အဆက်သွယ်မရသေးဘူး လို့ ကျောင်းသား သမဂ္ဂဝင်တွေက ပြောကြပါတယ်။

အခုလိုအင်တာနက်ဖြတ်တောက်တာ၊ အင်တာနက်ဖြတ်တောက်လို့ ဆန္ဒပြတာကို ဖမ်းဆီးအမှုဖွင့်တာတွေဟာ ပြည်သူတွေကို ကာကွယ်ပေးနေတာမဟုတ်ဘူးလို့လည်း ထောက်ပြကြပါတယ်။

ဆန္ဒပြ ကျောင်းသားတွေက ရခိုင်ပြည်နယ်ထဲက စစ်ပွဲအတွင်း စာသင်ကျောင်းတွေနဲ့ သာသနိကအဆောင်အဦးတွေမှာ တပ်မစွဲကြဖို့၊ တိုင်းရင်းသားတွေကို ဖိနှိပ်တဲ့ အမျိုးသားရင်ကြားစေ့ရေး အလိုမရှိစတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့ကြပါတယ်။

ငြိမ်းစုစီပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတဲ့သူတွေက ဗကသများအဖွဲ့ချုပ်က ကိုနောင်ထက်အောင်၊ ကိုသုတစိုး၊ ကိုသက်တင်အောင်၊ ကိုအောင်ပြည့်စုံဖြိုး၊ မနှင်း၊ မအေးမြတ်ထွန်းချစ်၊ ကိုဇော်ထက်နိုင်၊ ရခိုင်ကျောင်းသားများ သမဂ္ဂက ကိုမြတ်ဟိန်းထွန်း၊ ကိုကျော်လင်းတို့ ဖြစ်ပါတယ်။

တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ အင်တာနက်အသုံးပြုလို့မရအောင် အစိုးရက ပိတ်ပင်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org