အကြမ်းဖက်မှုဥပဒေနဲ့ တရားစွဲခံရတဲ့ အရပ်သားငါးဦးအမှု စစ်ဆေး
AA လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တပ်မတော်က တရားစွဲထားတဲ့ အရပ်သား ငါးဦးအမှုနဲ့ ပတ်သက်ပြီး တပ်မတော်သား တရားလိုပြသက်သေ သုံးဦးကို စစ်တွေခရိုင်တရားရုံးမှာ စစ်ဆေးခဲပါတယ်။
-
2020-07-29 -
-
-
AA လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တပ်မတော်က တရားစွဲထားတဲ့ အရပ်သား ငါးဦးအမှုကို စစ်တွေခရိုင်တရားရုံးမှာ ဒီနေ့စစ်ဆေးခဲ့တယ်လို့ တရားစွဲခံထားရသူတွေ ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က RFA ကို ပြောပါတယ်။
တရားစွဲခံရသူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက အသက် နှစ်ဆယ်ကျော်အရွယ်တွေ ဖြစ်တဲ့ ကိုမောင်ချေ၊ ကိုညီညီမောင်၊ ကိုမျိုးလင်းဦး၊ ပုဏ္ဏားကျွန်းမြို့ပေါ် အလယ်စုရပ်ကွက်က အသက် ၃၉ နှစ်အရွယ် ဦးမင်းစိုးနဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာက အသက် ၂၂ နှစ်အရွယ် ကိုကျော်ဝင်းဟိန်းဝင်းတို့ ဖြစ်ပါတယ်။
သူတို့ကို ခလရ ၅၅၀ တပ်ရင်းက ဗိုလ်ကြီး တင့်နိုင်ထွန်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့နဲ့ မေလ ၂၂ ရက်နေ့က အမှုဖွင့်ခဲ့တာပါ။
အမှုမှာပါဝင်တဲ့ တရားလိုနဲ့ တရားလိုပြသက်သေ ကိုးဦးထဲက ဗိုလ်ကြီး ငြိမ်းချမ်းအောင်၊ ဗိုလ်ကြီး ကျော်ဇင်လတ်နဲ့ တပ်ကြပ်ကြီး ဇေယျာအောင်တို့ကို စစ်ဆေးခဲ့ပြီး၊ သြဂုတ်လ ၅ ရက်နေ့ ရုံးချိန်းမှာ နောက်ထပ်သုံးဦးကို စစ်ဆေးမယ်လို့ သိရကြောင်း ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပါတယ်။
တရားစွဲခံထားရတဲ့ ငါးဦး အပါအဝင် အရပ်သား ၃၈ ဦးကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှာ တပ်မတော် စစ်ကြောင်းက ဖမ်းဆီးပြီး တပ်မတော်ရေယာဉ်နဲ့ ခေါ်ဆောင်သွားတာဖြစ်ပြီး နောက်တစ်နေ့မှာ အဲဒီအထဲက ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
မေလ ၁၀ ရက်နေ့မှာတော့ ဖမ်းဆီးခံရတဲ့ အရပ်သား ငါးဦးကို တပ်မတော်ရေယာဉ်ပေါ်မှာ ညှဉ်းပန်းနှိပ်စက်နေတဲ့ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်မှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
ဖမ်းဆီးထားသူတွေကို ရိုက်နှက်တာနဲ့ ပတ်သက်ပြီး တပ်မတော်သားတချို့ကို ခုံရုံးဖွဲ့ စစ်ဆေးနေတယ်လို့ ဇွန်လ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။