လူထုဆန္ဒသဘောထားကို မထေမဲ့မြင် ပြောဆိုတာဟာ မိုက်မဲရာကျကြောင်း ဦးဝင်းတင် ဝေဖန်

ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်မှု အပေါ် ဝေဖန် ကန့်ကွက်တာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ ကန့်ကွက်ဝေဖန်တာရှိနေပါစေ ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း မြန်မာအစိုးရ ဝန်ကြီးက ပြောကြားခဲ့တာဟာ ပြည်သူလူထုဆန္ဒ သဘောထား အပေါ် မထေ့မဲ့မြင် ပြောဆိုလိုက်တာ ဖြစ်ပြီး မိုက်မဲရာကျတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင် (အလယ်၊ အင်္ကျီပြာ) ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့အခမ်းအနား တက်ရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

"ပြည်သူလူထုကရော၊ ကမ္ဘာကရော အကြီးအကျယ် ကန့်ကွက်နေကြတယ်။ တရုတ်ပြည်က တရုတ် ပညာရှင်တချို့ကတောင်မှ ကန့်ကွက်တယ် ဆိုတာတွေ ကြားသိနေရတယ်။ တိုင်းပြည်ရဲ့ အကျိုးစီးပွါးဆိုတာထက် အန္တရာယ်ပေါ့ဗျာ။ တိုင်းပြည်ရဲ့ အကျိုးစီးပွါးမဲ့မှု၊ အကျိုးစီးပွါး ပျက်သုံးမှုတွေက ပိုပြီးတော့ ကြီးမားနေတဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး ပြန်ပြီးတော့ လေ့လာရမယ်၊ သုံးသပ်ရမယ်၊ လူတွေရဲ့ သဘောထားတွေကို နားထောင်ရမယ်လို့ ကျနော် ပြောချင်ပါတယ်။ "

စက်တင်ဘာ ၁၀ ရက်နေ့ က နေပြည်တော်မှာ ပြုလုပ်တဲ့ ဝန်ကြီး ၅ ဦးရဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဦးဇော်မင်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

"အခုလအတွင်း တလလောက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဧရာဝတီ ရောဂါပေါ့၊ ဧရာဝတီ ရောဂါနဲ့ အမှီလိုက်နေတဲ့ သူများရဲ့ မေးခွန်းတွေ၊ ကာတွန်းတွေပေါ့။ အဲဒီတော့ အခု ဧရာဝတီမြစ်ဆုံရဲ့ စီမံကိန်းများ ဆက်လက်လုပ်ဆောင်မဲ့ အစီအစဉ် ရှိပါသလား၊ ဘယ်အဆင့်အထိ ရောက်နေသလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လုပ်ပါမယ်။ ကျနော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။"

မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သဘာ၀ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု ရှိမရှိ အတွက် အစိုးရက ကုမ္ပဏီ တစ်ခုကို အမေရိကန် ဒေါ်လာ ၁.၂၅သန်း နဲ့ ငှားရမ်းပြီး သုတေသန လုပ်ခဲ့ကြောင်း၊ ကြိုတင် တွက်ဆမှု အတွက် အချိန် ၃ နှစ်ခန့်ယူခဲ့ကြောင်း ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်း ပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပက ဝေဖန်ရှုံ့ချတာတွေလည်း တဆက်ထဲ ထွက်ပေါ်လာပါတယ်။ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင်၊ အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ သတင်းစာဆရာ မောင်ဝံသနဲ့ ကချင် လူမှုရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာတို့ကို ဆက်သွယ်ပြီး မခင်ခင်အိ စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org