ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်တန့်ရေး ပြပွဲ ခင်းကျင်း

ဧရာဝတီမြစ်ဆုံ စီမံကိန်း အပြီးတိုင် ရပ်တန့်ရေးအတွက် လှုပ်ရှားမှုတစ်ရပ် အနေနဲ့ ငါတို့ဧရာဝတီ ငါတို့ ငြိမ်းချမ်းရေးလို့ ခေါင်းစဉ်ပေးထားတဲ့ ပြပွဲတစ်ခုကို ရန်ကုန်မြို့ ဒဂုံမြို့နယ်မှာရှိတဲ့ ပြခန်း ၆၅ (Gallery 65) မှာ ဒီကနေ့ စတင်ဖွင့်လှစ်ပါတယ်။

မြစ်ဆုံရေကာတာ တည်ဆောက်မည့်နေရာ အောက်ဖက်တွင် ဧရာဝတီမြစ်ကို တွေ့ရပုံဖြစ်ပါသည်၊ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ဒေသခံပြည်သူ အမြောက်အမြား ဒုက္ခရောက် ရမည့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမည့်အရေး အတွက် မြန်မာအစိုးရကို ကန့်ကွက်ပြောဆိုနေကြပါသည်။ Photo: Colegota/Wikipedia

ဒီပြပွဲကို ကာတွန်းဆရာ အော်ပီကျယ်၊ ဒီဇိုင်းဆရာ မြင့်မောင်ကျော်၊ စာရေးဆရာမ ဂျူး၊ တေးရေး မြင့်မိုးအောင်၊ မိုးလေဝသပညာရှင် ဦးထွန်းလွင်၊ စာရေးဆရာ ကိုတာ စတဲ့ သဘာဝပတ်ဝန်းကျင် အရေး ဦးဆောင် လှုပ်ရှားနေသူတွေက စီစဉ်တာဖြစ်ပြီး လာရောက် လေ့လာ ကြည့်ရှုသူတွေ ရာနဲ့ချီ ရှိပါတယ်။

တရုတ် CPI ကုမ္ပဏီက ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းဆောင်ရွက် နေတာတွေရှိတဲ့ အတွက် လတ်တလော ယာယီ ရပ်ဆိုင်းထားတဲ့ ဒီစီမံကိန်းကြီးကို လုံးဝရုပ်သိမ်း သွားအောင် ပြည်သူတွေကို အသိပညာပေးဖို့ ရည်ရွယ်ပြီး ဒီပြပွဲကို စီစဉ်တာ ဖြစ်တယ်လို့ စာရေးဆရာ ကိုတာက RFA ကို ပြောပါတယ်။

ဒီပြပွဲကို ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ဖွင့်လှစ်ပြသဖို့ စီစဉ်ထားပြီး ငါ့တို့ ဧရာဝတီ ငါတို့အနာဂတ် ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခုကိုလည်း ရန်ကုန်မြို့ ရွှေဂုံတိုင် Excel Tower မှာ ဇူလိုင်လ (၁၆) ရက် မနက်ပိုင်းမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

အဲဒီဟောပြောပွဲမှာ (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးဆောင် လှုပ်ရှားနေသူတွေ ဖြစ်ကြတဲ့ ဦးဝင်းမျိုးသူ၊ ဦးစိန်မျိုးမြင့်၊ ဒေါက်တာ ခင်နီနီသိန်းတို့ ဟောပြောကြမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org