ကုလသမဂ္ဂ နှလုံးလှသံတမန် ဟောင်ကောင် မင်းသား ဂျက်ကီချန်း မြန်မာနိုင်ငံကို သွားမည်

ကမ္ဘာကျော် ဟောင်ကောင် ကွန်ဖူးအက်ရှင်မင်းသား၊ ကုလသမဂ္ဂ နှလုံးလှသံတမန် ဂျက်ကီချန်းဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် အခုသီတင်းပတ်အတွင်း သွားရောက်မှာဖြစ်ပြီး ကလေးသူငယ်များ လူကုန်ကူးခံရမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂလုပ်ငန်းကို ကူညီသွားမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က သတင်းထုတ်ပြန် လိုက်ပါတယ်။

ကုလသမဂ္ဂ နှလုံးလှသံတမန် ဟောင်ကောင် မင်းသား ဂျက်ကီချန်း Photo:UN/M. Perret

ဂျက်ကီချန်းဟာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အရာရှိတွေအပြင် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တို့နဲ့ တွေ့ဆုံပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ကိစ္စများကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ အထောက်အပံ့နဲ့ ဖွင့်လှစ်ထားတဲ့ လူကုန်ကူးခံခဲ့ရသူ ကလေးငယ်များ အသက်မွေး ဝမ်းကျောင်းမှု သင်တန်းကျောင်းကို သွားရောက်ပြီး လူကုန်ကူးခံရမှုက ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ကလေးများနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကလေးသူငယ်တွေကို ကုန်ကူးမှုဟာ အင်မတန်ဆိုးဝါးတဲ့ ရာဇဝတ်မှု တစ်ခုပါ။ အဲဒီကလေးငယ်တွေဟာ တစ်ဘဝလုံး ကြောက်ရွံ့စိတ်နဲ့ နေထိုင်သွားရမှာ ဖြစ်ပြီး သူတို့ရဲ့ ကလေးဘဝကို ဓားပြတိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

ကလေးသူငယ်တွေဟာ ရောင်းကုန် မဟုတ်ပါဘူး။ ကမ္ဘာပေါ်က ကလေးငယ်အားလုံး အန္တရာယ်ကင်းစေဖို့ ဒီလို ရာဇဝတ်မှုတွေကို ကြိုးစား တိုက်ဖျက်သွားရမှာ ဖြစ်ပါတယ်လို့ သံတမန်မင်းသား ဂျက်ကီချန်းက ပြောပါတယ်။

ဒါ့အပြင် သူက ကလေးသူငယ်တွေဟာ သူ့တို့ကိုယ်သူတို့ ဘယ်လို ကာကွယ်ရမလဲဆိုတာ သိဖို့ သိပ်အရေးြင်္ကီးပါတယ်။ နိုင်ငံခြား တိုင်းပြည်တစ်ခုခုမှာ အလုပ်ရမယ်လို့ ပြောလာသူတွေကို မယုံဖို့၊ ကိုယ်တခါမှ မသွားဖူးတဲ့နေရာတွေကို တယောက်ထဲ မသွားဖို့၊ ကိုယ်တိုင်နဲ့ မိဘတွေရဲ့ နံမည်အပြည့်အစုံကို သိဖို့၊ ဘယ်မှာနေသလဲ ဆိုတာ ပြောပြနိုင်ဖို့ လိုပါတယ်လို့လည်း ပြောပါတယ်။

ဂျက်ကီချန်းဟာ ကုလသမဂ္ဂ နှလုံးလှ သံတမန်အဖြစ် ၂၀၀၄ ခုနှစ် ကတည်းက ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org