ရတနာရောင်ခြည်ကျောက်မျက် ကုမ္ပဏီ ပျက်စီးမှု အမေရိကန်ဒေါ် လာ ၅ သန်းကျော် ဆုံးရှုံး
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အနီးက ရတနာရောင်ခြည်ကျောက်မျက် တူးဖော်ရေးကုမ္ပဏီ ရုံးချုပ်ကို မနေ့ညက မိုင်းထောင် ဖျက်ဆီးခံရတဲ့အတွက် အမေရိကန်ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိတဲ့ စက်ယန္တ ရားတွေနဲ့ ဆက်စပ်ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
-
2016-11-03 -
-
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင် ရပ်ကွက်အနီးက ရတနာရောင်ခြည်ကျောက်မျက် တူးဖော်ရေးကုမ္ပဏီ ရုံးချုပ်ကို မနေ့ညက မိုင်းထောင်ဖျက်ဆီး ခံရတဲ့အတွက် အမေရိကန်ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိတဲ့ စက်ယန္တရားတွေနဲ့ ဆက်စပ်ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
KIA တပ်ဖွဲ့ဝင်တွေလို့ ယူဆရသူတွေက မီးရှို့ဖျက်ဆီးခဲ့တာလို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး က ပြောပါတယ်။
"KIA အကြမ်းဖက်သောင်းကျန်းသူ ယောကျ်ားလေး ၁၈ ယောက်၊ မိန်းကလေး ၂ ယောက် ယူနီဖောင်းဝတ်တွေ လည်းပါတယ်၊ တခြားပြောက်ကြားဝတ်တာတွေလည်းပါတယ်၊ လက်နက်တွေလည်းပါတယ်၊ ဝန်ထမ်းအယောက် ၃ဝ ရှိတာကို အဲ့ကုမ္ပဏီထဲမှာ ဝမ်းလျားမှောက်ခိုင်းပြီးတော့မှ ဒီရုံးချုပ်ထဲမှာရှိတဲ့ ကားတွေရဲ့တာယာတွေကို မီးရှို့ဖျက်ဆီးတယ်၊ နောက်မီးဖိုချောင်ထဲမှာရှိတဲ့ ပစ္စည်းတွေကိုရိုက်ခွဲတယ်၊ နောက်ရုံးခန်းထဲကမှန်တွေကို ရိုက်ခွဲတယ်၊ ဝန်ထမ်းတစ်ယောက်ကိုလည်း ရိုက်ပြီးတော့မှ အဲ့ဝန်ထမ်းဆီက ငွေ ၁ဝ သိန်းနဲ့ တယ်လီဖုန်း ၂ လုံးကိုယူသွားတယ်၊ ၇ နာရီခွဲလောက်မှာ သူတို့တောင်ဘက်ကို ဆက်ပြီးတော့ထွက်ခွာပါတယ်"
မိုင်းထောင်ဖျက်ဆီးသူတွေဟာ ဘယ်အဖွဲ့အစည်းက ဆိုတာကိုတော့ အစိုးရ ဌာနဆိုင်ရာတွေမှသာ သိနိုင်မယ်လို့ ရတနာရောင်ခြည်ကုမ္ပဏီ တာဝန်ခံ ဦးကျော်အေးက ပြောပါတယ်။ ဖားကန့်ဒေသမှာ လှုပ်ရှားနေတဲ့ KIA တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တန့်ဆန်ကတော့ မနေ့ညက မိုင်းခွဲတိုက်ခိုက်မှုမှာ KIA တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှု မရှိဘူးလို့ RFA ကို ပြောပါတယ်။
ရတနာရောင်ခြည် ကုမ္ပဏီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက အလေးချိန် တန် ၂ ရာကျော်ရှိတဲ့ ကျောက်စိမ်း တုံးကြီး တူးဖော်ရရှိထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ မနေ့ညက မီးလောင်ပျက်စီးခဲ့တဲ့ နေရာကို တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းဆောင်ရွက်ချိန်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတွေ တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အစိုးရနဲ့ KIA အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတဲ့ ၂ဝ၁၂ ခုနှစ်က စပြီး ကျောက်မျက်ကုမ္ပဏီတွေ၊ အစိုးရအဆောက်အဦးတွေ အပါအဝင် လမ်းတံတားတွေ မိုင်းထောင်ဖျက်ဆီး ခံရမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။