ဇန်နဝါရီလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၅၀ ခန့် သေဆုံး

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄၉ ဦးသေဆုံးပြီး နောက်ထပ် ၂၆၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ပျက်စီးခဲ့သည့် နေအိမ်တချို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က တွေ့ရစဉ်။ Arakan Princess

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄၉ ဦးသေဆုံးပြီး နောက်ထပ် ၂၆၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ ပြုလုပ်ခဲ့တာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ရပ်လိုက်ပေမယ့် တိုက်ခိုက်မှုတချို့ဆက်ရှိနေခဲ့သလို ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာတော့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာပါတယ်။

အရပ်သားထိခိုက် သေဆုံးမှုအများဆုံးက ရခိုင်ပြည်နယ် ဖြစ်ပြီး အရပ်သား ၃၅ ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းက ဒုတိယအများဆုံးဖြစ်ပြီး ၃၇ ဦး သေဆုံးတဲ့အပြင် ၅၅ ဦး ဒဏ်ရာ ရရှိခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကတော့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမရှိဘူးလို့ မကြာခဏဖော်ပြနေပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၄၂၉ ဦးသေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org