ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပေးမည်

ပြီးခဲ့တဲ့နှစ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိုးနှံပေးခဲ့တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး မထိုးလိုက်ရတဲ့ ကလေး ၁ သန်းကျော်အတွက် ဒီဧပြီလကနေ လာမယ့် ဇူလိုင်လအထိ ဒုတိယအကြိမ်အနေနဲ့ တစ်နိုင်ငံလုံးမှာ ထပ်မံထိုးနှံပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ကလေးတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနေစဉ် Photo: cepimyanmar Facebook

ပြီးခဲ့တဲ့နှစ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိုးနှံပေးခဲ့တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး မထိုးလိုက် ရတဲ့ ကလေး ၁ သန်းကျော်အတွက် ဒီဧပြီလကနေ လာမယ့် ဇူလိုင်လအထိ ဒုတိယအကြိမ်အနေနဲ့ တစ်နိုင်ငံလုံးမှာ ထပ်မံထိုးနှံပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ကာကွယ်ဆေးထိုးပေမယ့် ကာလအတွင်း လာရောက်ဆေးထိုးပေးကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်း က အခုလိုပြောပါတယ်။

"ကလေးက ၁ သန်းနီးပါးလောက် ကျန်တာပေါ့နော်၊ ကလေးတွေကလည်း ပြန်ထိုးချင်တော့လေ ပြန်စီစဉ် ပေးတာပါ၊ Campaign ကလေ မလုပ်နိုင်တော့ဘူး၊ Campaign လုပ်တယ်ဆိုရင် ကျမတို့ကလေ ရှိတဲ့လူဦးရေနဲ့ ဘယ်ရွာကို ဘယ်လိုသွားရမယ်၊ အဲလိုမျိုးလုပ်ရတယ်၊ ငွေတွေလိုတာပေါ့နော်၊ အခုက ကြေညာချက်ပဲ ထုတ်ပြန်တယ်၊ လူတွေသိအောင် ကျမတို့ မီဒီယာတွေနဲ့ တိုင်ပင်ပြီးတော့လေ၊ တစ်ပတ်ကို ဘယ်နှစ်ကြိမ် လွှင့်မလဲဆိုတာ ကျမတို့အခုစီစဉ်တယ်၊ သတင်းစာတွေထဲမှာထည့်မယ်၊ ကွင်းဆင်းမထိုးတော့ဘူး၊ မြို့နယ်ဆေးရုံတွေ၊ ဆေးခန်းတွေရှိတယ်၊ ဒေသန္တရတွေလေ၊ အဲမှာဖွင့်ထားတဲ့ ကာကွယ်ဆေးထိုးတဲ့ဆေးခန်း တွေမှာပဲ ထိုင်ထိုးပေးမှာ၊ သိသိချင်းတော့ လာထိုးကြမှာပဲလေ၊ စုပြုံပြီးလာရင်တော့ လူဝန်ထမ်းအင်အားနဲ့ ထိုးနိုင်တဲ့ပမာဏနဲ့ ရှိတော့လေ၊ ပြည်သူလူထုက နည်းနည်းလေး ပူးပေါင်းပြီးတော့ ချိန်းတဲ့ရက်လေးတွေ လာပေးဖို့ ကျမတို့က အဲဒါတော့ စိတ်ပူပါတယ်"

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးတွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလကနေ ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထိုးနှံပေးခဲ့ရာမှာ အသက် ၉ လကနေ ၁၅ နှစ်အတွင်း ကလေးငယ် ၉၂ ရာခိုင်နှုန်းကျော်ကို ထိုးနှံပေးနိုင်ခဲ့ပါတယ်။

အဲဒီအချိန်က အကြောင်းအမျိုးမျိုးကြောင့် မထိုးလိုက်ရတဲ့ ကလေးငယ်တွေကို ဒီတစ်ခေါက်မှာ ထပ်မံထိုးနှံပေး သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၅ နှစ်ခွဲကနေ ၇ နှစ်အရွယ်ရောက်ရှိနေတဲ့ ကလေးငယ်တွေကို အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမှာဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာ ထားပါတယ်။

၂၀၁၁ ခုနှစ် ဧပြီလကနေ ၂၀၁၂ နိုဝင်ဘာလအတွင်းမှာ အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေးတွေ ပြတ် သွားခဲ့တဲ့အတွက် အဲဒီကာလအတွင်း မွေးဖွားခဲ့တဲ့ ကလေးငယ်တွေကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ထည့်သွင်းမထိုးပေးနိုင်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာထားထားလင်း က ပြောပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို တစ်ကြိမ်သာ ထိုးနှံရမှာဖြစ်ပေမယ့် အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးကတော့ ၁ လခြား ၃ ကြိမ် ထိုးနှံပေးရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် အကြိမ်ပြည့်ဖို့အတွက် ထိုးနှံ ရမယ့်သူတွေဟာ ဒီဧပြီလနဲ့ မေလမှာ ပထမအကြိမ်ကို မဖြစ်မနေ လာရောက်ထိုးနှံဖို့ လိုအပ်တယ်လို့လည်း ပြော ပါတယ်။

ကာကွယ်ဆေးတွေကို ဗဟိုအဆင့်ဆေးရုံကြီးတွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ခရိုင်အဆင့် ဆေးရုံကြီးတွေ၊ မြို့ နယ်ဆေးရုံတွေ၊ ဒေသန္တရ မိခင်ကလေး ကျန်းမာရေးဌာနတွေ၊ တိုက်နယ်ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေး ဌာနတွေမှာ ထိုးနှံပေးသွားမှာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org