မြန်မာ့အရေး တွန်းအားပေးမယ်လို့ ဂျပန်လွှတ်တော်အမတ်တွေ ကတိပေး
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဟာ ဂျပန်ဒိုက်ယက်လွှတ်တော်က မြန်မာပြည်ဒီမိုကရေစီ ထောက်ခံအားပေးသော လွှတ်တော်အမတ်များအဖွဲ့ ခေါင်းဆောင်တွေနဲ့ မနေ့က သွားရောက်တွေ့ဆုံခဲ့ရာမှာ ဂျပန်အမတ်တွေကလည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
- 2021-02-05
-
-
-
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဟာ ဂျပန်ဒိုက်ယက်လွှတ်တော်က မြန်မာပြည်ဒီမိုကရေစီ ထောက်ခံအားပေးသော လွှတ်တော်အမတ်များအဖွဲ့ ခေါင်းဆောင်တွေနဲ့ မနေ့က သွားရောက်တွေ့ဆုံခဲ့ရာမှာ ဂျပန်အမတ်တွေကလည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
တိုကျိုမြို့အခြေစိုက် We Love Myanmar (Japan) အဖွဲ့တာဝန်ခံ ကိုမျိူးကြီးနဲ့ အဖွဲ့ဝင်တချို့ဟာ ဒိုက်ယက် လွှတ်တော်ရှိ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော လွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို မနေ့က သွားရောက်တွေ့ဆုံပြီး မြန်မာပြည်ရဲ့ အခြေအနေတွေကို တင်ပြခဲ့ပါတယ်။ ဂျပန် လွှတ်တော်အမတ်ခေါင်းဆောင်တွေက မြန်မာပြည်မှာ စစ်တပ်က အခုလို အာဏာသိမ်းတာကို သူတို့ ဆန့်ကျင်ပြီး တတ်စွမ်းသမျှ ကူညီမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ကိုမျိုးကြီးက RFA ကို ပြောပါတယ်။
“ဟိုဘက်ကလဲ မေးတယ်။ ကျနော်တို့ကလည်း သူတို့ကိုပြန်မေးပြီးတော့ တိုက်တွန်းနှိုးဆော်တာတွေ လုပ်ခဲ့တယ်။ အဓိက ကတော့ စစ်အာဏာသိမ်းတာနဲ့ပတ်သက်ပြီးတော့ သူတို့ကလည်း လက်မခံဘူးပေါ့နော်။ မြန်မာ့ဒီမိုကရေစီရေးတွေကို အစဉ်တစိုက် ကူညီဆောင်ရွက်ပေးနေတဲ့ လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ နာကားဂါးဝါး မာဆာဟာရူး (Nakagawa Masaharu) က ကျနော်တို့ကို အခုလိုပြောပါတယ်။
"သူပြောသွားတာက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းဟာ ချောချောမွေ့မွေ့ နဲ့ တိုးတက်နေရဲ့သားနဲ့ အခုလို အာဏာသိမ်းမှုမျိုး ကြုံတွေ့နေရတဲ့အခါမှာ ဂျပန်အမတ်တယောက်အနေနဲ့ အံ့သြပြီး အရမ်းစိတ်ဆိုးမိပါတယ်။ အကုန်လုံးပူးပေါင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားအမတ်တွေကိုလည်း အမြန်ဆုံးလွှတ်ပေးဖို့၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပိုပြီး တိုးတက်အောင်မြင်လာစေဖို့ ကျနော်တို့ကကဲ အားပေးနေပါမယ်။ ဂျပန်အစိုးရက လက်ရှိ အာဏာသိမ်းသွားတဲ့ တရားမဝင် စစ်တပ်အပေါ်မှာ ကိုင်တွယ်ပုံက တအားပျော့ပြောင်းတယ် ဒါကြောင့် ပြင်းပြင်းထန်ထန် တုံံ့ပြန်ဖို့၊ ပြင်းပြင်းထန်ထန် ဆောင်ရွက်ဖို့ ကျနော်တို့ လွှတ်တော်အမတ်တွေက အစည်းအဝေးခေါ်ပြီး ဖိအားပေးဖို့အတွက် ကြိုးစားသွားမယ်။"
အဲဒီ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော ဂျပန်လွှတ်တော်အမတ်များအဖွဲ့ဟာ လွှတ်တော်အမတ် ၈ဝ ကျော် ပါဝင်ပြီး မြန်မာပြည်အတွက် နှစ်ပေါင်းများစွာ ကူညီနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ကိုမျိုးကြီး က ဒီကနေ့နဲ့ မနက်ဖန်မှာ လှုပ်ရှားမှုတွေ ဆက်တိုက် ဆောင်ရွက်မှာဖြစ်တယ်။ ဂျပန်နိုင်ငံရောက် မြန်မာသံရုံးဝန်ထမ်းတွေကို စစ်အစိုးရဆန့်ကျင်ပြီး ဒီမိုကရေစီအရေးအတွက် သူတို့နဲ့ လာရောက်ပူးပေါင်းဖို့လည်း ဖိတ်ခေါ်မယ်လို့ ပြောပါတယ်။
“ဆုတောင်းပွဲလုပ်မယ်။ အမေစု ကျန်းမာဖို့ နဲ့ မြန်မာပြည်ကြီး စစ်ဖိနပ်လက်အောက်က အမြန်ဆုံးလွတ်မြောက်ဖို့ ဖယောင်းတိုင်ထွန်းတဲ့ ပွဲလေး လုပ်မှာပါ။ ပြီးရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ခေါ်ယူခြင်း နဲ့ သစ္စာဆိုခြင်းကို ကြိုဆို ထောက်ခံတဲ့အနေနဲ့ ကျနော်တို့ သံရုံးရှေ့မှာ သွားကြိုဆိုခြင်းနဲ့ စစ်အာဏာရှင်ကို ရှုတ်ချခြင်း နဲ့ မြန်မာသံရုံးထဲက ပြည်သူကိုချစ်တဲ့ ပြည်သူပေါ်မှာ သစ္စာရှိတဲ့ စစ်ဖိနပ်အောက်က မြန်မာပြည်ကို ကယ်ချင်ကြတဲ့၊ ပြည်သူနဲ့ပူးပေါင်းမယ့် သံရုံးဝန်ထမ်းတွေကို ကျနော်တို့ သွားရောက် ဖိတ်ခေါ်ခြင်းဆိုတဲ့ အစီအစဉ်ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သူတို့တွေက ကျနော်တို့နဲ့ လာရောက်ပူးပေါင်းခဲ့မယ်ဆိုရင် ဂျပန်မှာရှိတဲ့ မြန်မာနိုင်ငံသားအားလုံးက ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုရင်း နဲ့ သူတို့တွေရဲ့ နေထိုင် စားသောက်ရေးကို ကူညီစောင်မ ကြည့်ရှုသွားမယ်ဆိုတဲ့ အကြောင်း သံရုံးရှေ့မှာ အသိပေးကြေညာသွားမှာဖြစ်တယ်။”
ဆုတောင်းပွဲက ဒီကနေ့ စနေနေ့ညဖြစ်ပြီး သံရုံးရှေ့ဆန္ဒထုတ်ဖော်ပွဲကိုတော့ တနင်္ဂနွေနေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။