ငလျင်ဒဏ်သင့် ဂျပန်က မြန်မာနိုင်ငံကို အကူအညီဆက်ပေးမည်

ဂျပန်နိုင်ငံဟာ သဘာဝ ဘေးအန္တရာယ်ဒဏ် ခံစားနေရပေမဲ့ မြန်မာနိုင်ငံအပေါ် လက်ရှိ ပေးနေတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲ မရှိပဲ ဆက်လက် ကူညီသွားမှာ ဖြစ်ကြောင်း JICA ခေါ် ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ က ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်က အင်အားပြင်း ငလျင်ကြီးလှုပ်ကာ ဆုနာမိ ရေလှိုင်းများ ရိုက်ခတ်ပြီးနောက် အိဝတဲ ခရိုင်၊ အိုဆုချိမြို့တွင် အပျက်အစီးများကြားမှာ သင်္ဘောကြီးတစင်း အဆောက်အအုံတခုပေါ် တင်နေပုံ ဖြစ်ပါသည်။ ငလျင်နှင့် ဆုနာမိ ရေလှိုင်းကြီးများ မည်မျှ အင်အား ပြင်းထန်သည်ကို ဤပုံကို ကြည့်လျှင် သိနိုင်ပါသည်။ (Photo: AFP) Photo: AFP

JICA ဟာ ၁၉၈၁ ခုနှစ်က စပြီး မြန်မာနိုင်ငံအတွင်း ကူညီရေး အစီအစဉ်တွေ ဆောင်ရွက်ခဲ့တာပါ။ အဲဒီ အေဂျင်စီရဲ့ ၂၀၁၀ ခုနှစ် စာရင်းဇယားတွေအရ မြန်မာနိုင်ငံက မြို့ပေါင်း ၁၁ မြို့မှာ အကူအညီ အစီအစဉ် ၂၄ ခု ဆောင်ရွက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာ့ အထည်ချုပ်လုပ်ငန်းရဲ့ ထွက်ကုန် ၇၀ ရာနှုန်းကို တင်သွင်းနေတာ ဖြစ်ပါတယ်။ အခု ဂျပန်နိုင်ငံရဲ့ ငလျင်နဲ့ ဆုနာမီဘေးဟာ မြန်မာ့ အထည်ချုပ် လုပ်ငန်းအပေါ် ဘယ်လောက် ထိခိုက်မလဲဆိုတာ မပြောနိုင်သေးကြောင်း အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။

သဘာဝဘေးဒဏ် ခံခဲ့ရတဲ့ ဂျပန်နိုင်ငံအတွက် မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်ရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို မတ်လ ၁၁ ရက်နေ့က ပေးပို့ခဲ့ကြောင်း ဒီကနေ့ မတ်လ ၁၆ ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ အင်အယ်လ်ဒီပါတီကလည်း မတ်လ ၁၂ ရက်က ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org