အလုပ်လက်မဲ့အခြေအနေ ဆိုးရွားနေကြောင်း တောင်သူတွေ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြ
နေပြည်တော် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ဒီကနေ့ သွားရောက်ခဲ့တဲ့ NLD ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ တောင်သူလယ်သမားတွေက မိမိတို့လယ်ယာမြေတွေ အသိမ်းခံခဲ့ရတာကြောင့် လယ်မဲ့ယာမဲ့အပြင် အလုပ်လက်မဲ့တွေအဖြစ် ဘဝအခြေအနေတွေ ပိုမိုဆိုးရွားနေကြောင်း တင်ပြခဲ့ကြပါတယ်။
-
2012-07-28 -
-
-
ဒါနဲ့ပတ်သက်လို့ အတူလိုက်ပါသွားတဲ့ ဇမ္ဗူသီရိမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျသော်ပြောပြတာက -
"လောလောဆယ် ဘာတွေအခက်အခဲရှိသလဲ၊ ဘာတွေလိုအပ်သလဲ ဆိုတာကိုပဲ အဓိက မေးမြန်းတာပါ။ ဒေသခံတွေ အဓိပြောတာကလည်း လယ်ယာမြေတွေ ၈၀ ရာခိုင်နှုန်းလောက် အသိမ်းခံထားရတဲ့အတွက် အလုပ်လက်မဲ့ ပြဿနာက အများဆုံးပဲလို့ ပြောပြကြပါတယ်။"
တောင်သူလယ်သမားတွေရဲ့ စားဝတ်နေရေးအတွက် အလုပ်အကိုင် ပြန်လည်ရရှိရေးဟာ အဓိက ဦးစားပေး ဖြေရှင်းရမယ့် အဆင့်ဖြစ်နေတယ်လို့လည်း ဦးဇေယျသော်က ပြောပါတယ်။
"လယ်ယာမြေ ဆုံးရှုံးသွားတဲ့ လယ်သမားတွေရဲ့ နစ်နာမှု အတွက် တရားမျှတမှု ရှိအောင် ဆောင်ရွက်ဖို့ဆိုရာမှာ လွှတ်တော်ထဲမှာ ကော်မရှင်တခုအနေနဲ့ ဖွဲ့ပြီး စတင်စုံစမ်းမယ် ဆိုတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကျနော်တို့ အနေနဲ့က လယ်ယာမြေ ပြန်ရဖို့ပဲဖြစ်ဖြစ်၊ အစားပြန်ရဖို့ပဲ ဖြစ်ဖြစ် ဒီအရာတွေကို ဒုတိယတန်းစား ဦးစားပေး အနေနဲ့ ထားပြီး အလုပ်လက်မဲ့ ဖြစ်သွားတဲ့ တောင်သူတွေ လူငယ်တွေ အတွက် အလုပ်အကိုင် ရရှိမယ့် အခွင့်အလမ်းတွေကို ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပေးမလဲ ဆိုတာကို အဓိက ဦးစားပေး အနေနဲ့ တိုင်ပင် ဆွေးနွေး ဖြစ်ပါတယ်။"
ပျဉ်းမနား နေပြည်တော်က လွှတ်တော် အစည်းအဝေးကို တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ဌာနချုပ်ရုံးခွဲ ဖွင့်လှစ်မယ့် ဇမ္ဗူသီရိမြို့နယ်က ရုံးခန်း အခြေအနေကိုလည်း တဆက်တည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။