မကွေးပို့စ် သတင်းထောက်ဖမ်းဆီး တရားစွဲဆိုခံရ

ဒီနေ့မနက်မှာ မင်းဘူးရဲစခန်းကနေ ဖုန်းဆက်ခေါ်တာကြောင့် သွားရောက် သတင်းယူတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။

မကွေးပို့စ် သတင်းဌာနက အကြီးတန်းသတင်းထောက် ဦးတင်ရွှေ Photo - Magway Post News

မကွေးတိုင်းအတွင်းက သတင်းတွေကို အဓိက ရေးသားဖြန့်ဝေနေတဲ့ မကွေးပို့စ် သတင်းဌာနက အကြီးတန်းသတင်းထောက် ဦးတင်ရွှေ ဒီနေ့ မနက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သတင်းဌာန အယ်ဒီတာချုပ် ဦးနေအောင်က RFA ကို အတည်ပြုပြောပါတယ်။

ဒီနေ့မနက်မှာ မင်းဘူးရဲစခန်းကနေ ဖုန်းဆက်ခေါ်တာကြောင့် သွားရောက်သတင်းယူတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။

"ကျနော်တို့တွေက နယ်ဘက်မှာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်ဖုန်းနံပါတ်တွေရှိတယ်၊ စခန်းမှူးတွေနဲ့ တာဝန်ရှိသူတွေနဲ့လည်း တစ်ယောက်နဲ့ တစ်ယောက် သတင်းကိစ္စ သိတာ ပြောဆိုနေရတာရှိတယ်၊ ဒီလိုပဲ အရင်ကလည်း သတင်းယူနေတာ၊ ဒီနေ့ သူ့ကိုဖုန်းဆက်ခေါ်တော့ စခန်းသွားလိုက်မယ်ဆိုပြီး သွားတဲ့အချိန်မှာ ဖမ်းလိုက်တာလို့" အယ်ဒီတာချုပ် ကိုနေအောင်ကပြောပါတယ်။

သတင်းထောက် ဦးတင်ရွှေကို လက်ရှိ မင်းဘူးရဲစခန်းမှာ ဖမ်းဆီးထားပြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရကြောင်းလည်း ကိုနေအောင်ကပြောပါတယ်။

"ကျနော်တို့ မကွေးပို့စ်က တင်တဲ့ မင်းဘူးမြို့ရဲ့ ညသပိတ် သတင်းတစ်ခုကို သူက မင်းဘူး facebook group တစ်ခုတည်းမှာ ရှယ်လိုက်တာ၊ အဲ့ဒါကြောင့်ဖမ်းတာလို့ ကျနော်တို့ သိထားတယ်၊ သတင်းထောက်တွေရဲ့ Facebook အသုံးပြုတာကို စောင့်ကြည့်နေတယ်ဆိုတာ ကျနော်တို့ အစောကြီးကတည်းက ကြားထားရတယ်၊ အခုဟာကလည်း သူ့ Facebook မှာ ရှယ်လိုက်တာကို လိုက်ကြည့်နေပြီး ဖမ်းတယ်လို့ လောလောဆယ်သိထားရတယ်" လို့ အယ်ဒီတာချုပ်ကို နေအောင်က RFA ကိုပြောပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ တစ်ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး မတ်လ ၂၆ ရက်နေ့အထိ ဖမ်းခံခဲ့ရတဲ့ သတင်းထောက် ၅၁ ယောက်ရှိပါတယ်။

အဲ့ဒီထဲက ပြန်လွတ်လာတဲ့သူ ၃၀ ယောက်ရှိပြီး ကျန် ၂၁ ယောက်ဟာ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ဖမ်းဆီးခံထားရပြီး ၅၀၅ (က)အပါအဝင် ပုဒ်မ အသီးသီးနဲ့ တရားစွဲခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org