စစ်ကောင်စီအောက်က ပြည်သူတွေ လွတ်မြောက်နယ်မြေကို လာခိုလှုံဖို့ AA တပ်မှူးချုပ်ပြော

စစ်ကောင်စီထိန်းချုပ်နယ်မြေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ စတဲ့မြို့တွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေအနေနဲ့ လွတ်မြောက်နယ်မြေကို လာရောက်နေထိုင်ကြဖို့ (AA) တပ်မှူးချုပ်က ပြောဆိုလိုက်ပါတယ်။

ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့က တွေ့ရစဉ်။ AA Info Desk

ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီထိန်းချုပ်ရာနယ်မြေတွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ စတဲ့မြို့တွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေအနေနဲ့ ရတဲ့နည်းလမ်းနဲ့ လွတ်မြောက်နယ်မြေကို လာရောက်နေထိုင်ကြဖို့ ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးပြောဆိုလိုက်ပါတယ်။

ဧပြီလ ၁၀ ရက်နေ့ ဒီနေ့ကျရောက်တဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ၁၅ နှစ်မြောက် တပ်တော်နေ့အခမ်းအနား သဝဏ်လွှာမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။

အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာတွေကိုလည်း ပြင်ဆင်ရမယ်လို့ ဆိုပါတယ်။

အဲဒီသဝဏ်လွှာထဲမှာ ရက္ခိုင့်တပ်တော် (AA) အစား အာရက္ခတပ်တော် (AA) ဆိုပြီး ပြောင်းလဲအသုံးပြုလိုက်တာ တွေ့ရပါတယ်။

AA ဟာ ရခိုင်ပြည်နယ်ထဲက သူတို့သိမ်းပိုက်ထားတဲ့ မြို့၊ ရွာတွေကို စနစ်တကျစီမံနိုင်ဖို့ အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု ယန္တရားတွေ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ လူ့အရင်းအမြစ်တွေ လိုအပ်တယ်လို့လည်း ဆိုထားပါတယ်။

ဒါကြောင့် အရင်အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေ၊ ကဏ္ဍအလိုက် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေအနေနဲ့ ULA ထံမှာ လာရောက်တာဝန်ထမ်းဆောင်ဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။

ဒါပေမဲ့ အဂတိလိုက်စားတဲ့ အကျင့်ဆိုးတွေကိုဖျောက်ပြီး ULA က ချမှတ်ထားတဲ့ မူဝါဒနဲ့ စည်းကမ်းကျင့်ဝတ် တွေနဲ့အညီ တာဝန်ထမ်းဆောင်ရမယ်လို့လည်း ဆိုပါတယ်။

အခုတိုက်နေတဲ့တိုက်ပွဲဟာ ရခိုင်လူမျိုးတွေရဲ့ သမိုင်းနဲ့ အနာဂတ် အလှည့်အပြောင်းတစ်ခုလုံးကို အဆုံးအဖြတ်ပေးမယ့်တိုက်ပွဲဖြစ်သလို တစ်ပြည်နယ်လုံး လွတ်မြောက်အောင် လုပ်နိုင်တဲ့အခါမှ မတရားမှုတွေ အဆုံးသတ်သွားမယ်လို့လည်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဗမာလူမျိုးတွေအပါအဝင် ဘဝတူတိုင်းရင်းသားညီနောင်တွေရဲ့ နိုင်ငံရေးလိုလားချက်၊ မျှော်မှန်းချက်တွေကို အလေးထားထောက်ခံပြီး မြန်မာပြည်သူတွေရဲ့ အကောင်းဆုံးမိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့လည်း ဆိုပါတယ်။

AA ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ တစ်ကျော့ပြန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝ စတဲ့မြို့နယ်ကိုးခုကို AA က သိမ်းပိုက်ထားတာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နယ်နဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကိုလည်း AA က ဆက်လက်ပြီး အပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org