လေကြောင်းပိုင်နက်ကျူးကျော်တဲ့ စစ်ကောင်စီကိုတားဆီးဖို့ အိန္ဒိယကို Fortify Rights တိုက်တွန်း

အိန္ဒိယလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ပြီး အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် အိန္ဒိယအစိုးရအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်သင့်တယ်လို့ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့က CNF ဌာနချုပ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ကို တွေ့ရစဉ်။ Photo: CHRO

မြန်မာစစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ အိန္ဒိယလေပိုင်နက်ထဲ မဝင်နိုင်အောင်တားဆီးပြီး နယ်စပ်က အိန္ဒိယအရပ်သားတွေနဲ့ ချင်းတိုင်းရင်းသားတွေကို အကာအကွယ်ပေးဖို့ အိန္ဒိယအစိုးရကို Fortify Rights လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ အိန္ဒိယ-မြန်မာနယ်စပ်က ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် လူနေအိမ်သုံးလုံးနဲ့ ဆေးကုသဆောင်တစ်ဆောင် ထိခိုက်ပျက်စီးပြီး အမျိုးသမီးနှစ်ဦး အပါအဝင် CNF တပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ပါတယ်။

အလားတူပဲ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင် ဖာကော်ကျေးရွာအနီးမှာလည်း စစ်ကောင်စီက ဗုံးနှစ်လုံးကြဲချခဲ့ကြောင်း သတင်းရရှိထားတယ်လို့ Fortify Rights အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီ၏ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည့် CNF တပ်ဖွဲ့ဝင် ငါးဦး။

အခုလို အိန္ဒိယလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ပြီး အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် အိန္ဒိယအစိုးရအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်သင့်တယ်လို့ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောပါတယ်။

မကြာသေးခင်ကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းလေပိုင်နက်တွေထဲကို စစ်ကောင်စီလေတပ်က ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။၂၀၂၂ ခုနှစ် ဩဂုတ်လကုန်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းကို စစ်ကောင်စီလေတပ်က ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ပုပ်ဖရာ့မြို့နယ် ထိုင်းလေပိုင်နက်ထဲကို စစ်ကောင်စီရဲ့ MiG-29 တိုက်လေယာဉ်တစီး ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ‌ဖော်ပြထားပါတယ်။

စစ်ကောင်စီက အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့အတွက် ချင်းပြည်နယ်က ဒေသခံသောင်းနဲ့ချီပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။

အခုလို အိန္ဒိယလေပိုင်နက်ကိုအသုံးချပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတာကို တားဆီးဖို့၊ စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို အရေးယူနိုင်အောင် ပါဝင်ကူညီဖို့လည်း အိန္ဒိယအစိုးရကို Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org