ဖယ်ခုံမှာ စစ်တိုက်လေယာဉ်ပျံဝဲနေလို့ ဒေသခံတွေ ထွက်ပြေးပုန်းရှောင်နေရ

စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီး ပျံဝဲနေတာကြောင့် စာသင်နေတဲ့ ကလေး ၅၀ကျော်လည်း အထိတ်တလန့်နဲ့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးတွင် ၂၀၂၃ ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်တိုက်လေယာဉ်တစ်စီး ပျံဝဲနေသည့်အတွက် စာသင်နေသည့် ကလေး ၅၀ ကျော် ပုန်းရှောင်နေစဉ်။ Photo: Union of Karenni State Youth

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရီနွဲ့ကျေးရွာအုပ်စု လအိကျေးရွာအနီးတဝိုက်မှာ ဒီနေ့ မနက် ၈နာရီလောက်ကနေ ညနေပိုင်းအထိ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီး ပျံဝဲနေတာကြောင့် ဒေသခံတွေ ထိတ်လန့် နေတယ်လို့ ကရင်နီပြည်နယ် လူငယ်အစည်း အရုံးတွဲဖက် အတွင်းရေးမှူး(၁)မူ့မာရီယာက ပြောပါ တယ်။

စစ်ကောင်စီတိုက်လေယာဉ်ဟာ မနက်ပိုင်းမှာတစ်ကြိမ် နေ့လယ်ပိုင်းတစ်ကြိမ်နဲ့ ညနေပိုင်းမှာ တစ်ကြိမ် ပျံဝဲနေတာကြောင့် စာသင်နေတဲ့ ကလေး ၅၀ကျော်လည်း အထိတ်တလန့်နဲ့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ သူကပြောပါတယ်။

“တစ်ကြိမ်ဆို နာရီဝက်လောက်ကြာတယ် ပျံဝဲနေတာ။ ဒီဘက်မှာက တိုက်ပွဲဖြစ်တာမရှိဘူးနော်။ အဲဒါကို ဘာသဘောနဲ့ လာပျံဝဲနေတာလည်းတော့ မသိဘူးပေါ့နော်။ အခုရွာနားမှာက စစ်ဘေးဒုက္ခသည်တွေလည်း ရှိတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေဆို ဒီနေ့ကျောင်းတောင်မတက်နိုင်ဘူး”

Photo: Union of Karenni State Youth

လအိကျေးရွာအနီးတဝိုက်မှာ မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းက စစ်ဘေးတိမ်းရှောင် နေရသူ ၂၀၀၀ လောက်လည်း နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဖယ်ခုံမြို့ နယ်အပြင် မိုးဗြဲမြို့နယ်အတွင်းမှာလည်း လေကြောင်းထောက်လှမ်းမှုတွေ လုပ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

လေကြောင်းထောက်လှမ်းမှုအပြင် ဝါရီဆူးပလိုင်းနဲ့ (ခမရ-၄၂၂) တပ်ကနေ လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့လည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိ သူကပြောပါတယ်။

Photo: Union of Karenni State Youth

“ဒီရက်ပိုင်း တိုက်ပွဲကြီးကြီးမားမားဖြစ်တာတော့ မရှိဘူး၊ မြို့ပေါ်မှာတော့ အနည်းငယ်ဖြစ်တာ ရှိတယ်။ အများစုက စစ်ကောင်စီဘက်ကပဲ လက်နက်ကြီးကော လက်နက်ငယ်နဲ့ပါ ပစ်နေတာ။ အခုလည်း လေကြောင်းကနေ ထောက်လှမ်းနေတယ်၊ စစ်ရေးကတင်းမာတဲ့ အခြေအနေလို့ ပြောလို့ရမယ်”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ ညပိုင်းလောက်ကလည်း စစ်ကောင်စီရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ ပွဲကုန်း ၁ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၆၆ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ရပါတယ်။

ဖယ်ခုံဘက်က အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီခန့် ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကဒီကနေ့ ညနေပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူး။

Photo: Union of Karenni State Youth

အာဏာသိမ်း နှစ်နှစ်နီးပါး ကာလအတွင်းမှာ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၈၄ ကြိမ်အထိ ရှိခဲ့ပြီး အရပ်သား ခုနစ်ဦး သေဆုံးခဲ့ရသလို လက်နက်ကြီး၊ လက်နက်ငယ် ထိခိုက်မှုကြောင့် သေဆုံးသူ ၆၅ ဦး အထိရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အား စု PKPF တာဝန်ရှိသူက ပြောပါတယ်။

Photo: Union of Karenni State Youth

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org