ကော့ကရိတ်နဲ့ ကျုံဒိုးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ရဟန်းတစ်ပါးနဲ့ အမျိုးသမီး တစ်ဦးသေဆုံး
ကော့ကရိတ်နဲ့ ကျုံဒိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-12-02 -
-
-
ကရင်ပြည်နယ်၊ ကော့ကရိတ်နဲ့ ကျုံဒိုးမြို့နယ်အတွင်းမှာ ဒီဇင်ဘာလ ၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းတစ်ပါးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ကျုံဒိုးမြို့နယ်၊ မိကသစ်ကျေးရွာအုပ်စု၊ ဘဏ္ဍာဓန တောရဘုန်းတော်ကြီးကျောင်းက သက်တော် (၄၂) နှစ်၊ ဝါတော်နှစ်ဝါရှိတဲ့ ဦးပဉ္စင်း ဦးသောမ ဗုံးစထိမှန် ပျံလွန်တော်မူခဲ့သလို ကော့ကရိတ်မြို့နယ်၊ ဖန်းခါးကုန်းရွာက အသက် (၂၅) နှစ်အရွယ် မမုသိန်းထွန်းကတော့ ဦးခေါင်းခွံ ပေါက်ကွဲဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
နေပြည်တော် လေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ်တွေဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ရွာတွေကို ပေါင်ငါးရာဗုံးတွေ ကြဲခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာလ ၁ ရက် မနေ့မနက် ၁ နာရီ၊ မိနစ် ၅၀ မှာ ကျုံဒိုးမြို့နယ်ထဲက မိကသစ် ကျေးရွာအုပ်စုထဲကို အခုလို ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးပဉ္စင်း ဦးသောမ ပျံလွန်တော်မူခဲ့တာလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၁ ရက် မနက်အစော ၁၂ နာရီ ၁၇ မိနစ်မှာလည်း Yak-130 ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ကော့ကရိတ်မြို့နယ်ထဲက ရွာတွေကို ဗုံးလေးလုံး ကြဲချခဲ့တာကြောင့် ဖန်းခါးကုန်းနဲ့ နန်းရွှေမှုံရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ မမုသိန်းထွန်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မမုသိန်းထွန်းရဲ့ခင်ပွန်း အသက် လေးဆယ်အရွယ် ဦးကျော်လုံဖဝ်ုလည်း ဦးခေါင်း ထိမှန်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သလို အိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၂ ရက်၊ ဒီနေ့ နေ့လယ်မှာလည်း ကော့ကရိတ်မြို့အပြင်ဘက် အံကောင်ရွာအနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို စစ်ရဟတ်ယာဉ် ပျံသန်းမှုပါရှိတာကြောင့် ရွာခံတွေရော စစ်ဘေးဒုက္ခသည်တွေပါ ထွက်ပြေးနေရတယ်လို့ ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက် သိရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီဇင်ဘာလ ၁ ရက်နေ့က ကော့ကရိတ်မြို့ပေါ်မှာ တစ်နေကုန် တိုက်ပွဲဖြစ်ခဲ့ပြီး KNU၊ PDF အဖွဲ့ဘက်က ကျဆုံးဒဏ်ရာရှိမှု များတယ်လို့ စစ်ကောင်စီ လက်အောက် မီဒီယာတွေကနေတစ်ဆင့် ပြောထားပါတယ်။
ဒါပေမဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောဆိုတာတော့ မရှိပါဘူး။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ နိုဝင်ဘာလ ၂၉ ရက်နေ့ကတည်းက KNU နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ စတင်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပါတယ်။