နမ့်ခမ်းနဲ့ မူဆယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ညက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-12-02 -
-
-
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ညက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်ခမ်းမြို့ ကော်နောင်မိုရပ်ကွက်ကနေ နောင်စန့်ရပ်ကွက်မှာရှိတဲ့ အမှတ် (၁) အခြေခံပညာ မူလတန်းကြိုကျောင်းထဲမှာ သွားရောက် စစ်ရှောင်နေရတဲ့ အသက် လေးဆယ်အရွယ် မိုင်းဘဦးနဲ့ ဟိုတတ်ရပ်ကွက်က အမျိုးသားတစ်ဦး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီသေဆုံးမှုဖြစ်ရပ်ကိုသိတဲ့ တအာင်း အမျိုးသမီး အဖွဲ့အစည်းရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ ညအချိန် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အခုလို သေဆုံးခဲ့တာလို့ RFA ကို ပြောပါတယ်။
“မိုင်းဘဦးနဲ့ နောက်တစ်ယောက်က စာသင်ကျောင်းထဲမှာ သွားအိပ်ကြတာ။ အဲဒီ စာသင်ကျောင်းကို လက်နက်ကြီးက ကျောင်းပေါ် တည့်တည့်ကျတော့ သူတို့ကို ထိသွားတာ။ မိုင်းဘဦးကတော့ သေသွားပြီး နောက်တစ်ဦးကတော့ ထိခိုက်ဒဏ်ရာ ရတယ်။ သေသွားတဲ့ နောက်တစ်ယောက်က ဟိုတတ်ရပ်ကွက်က တစ်ယောက်ဖြစ် တယ်။ ဟိုတတ်ရပ်ကွက် လေကြောင်း တိုက်ခိုက်ခံရလို့ သေသွားတာ သူကတော့ နာမည်နဲ့အသက် အတိအကျ မသိရသေးဘူး”
ဟိုတတ်ရပ်ကွက် လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနဲ့ လူနေအိမ် ငါးအိမ်ထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မူဆယ်မြို့နယ် (၁၀၅) မိုင်၊ မန့်မော်ရွာမှာလည်း ဒီဇင်ဘာလ ၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် လေးဆယ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကလည်း ဒီဇင်ဘာလ ၁ ရက်နေ့မှာ စစ်ကောင်စီဟာ နမ့်ခမ်းမြို့နယ် လွယ်အွန်ရွာနဲ့ စခန်းသစ်ကုန်းဘက်ကို လေကြောင်း တိုက်ခိုက်မှု လေးကြိမ်လုပ်ခဲ့သလို မူဆယ်မြို့နယ် (၁၀၅) မိုင် တပ်စခန်းဘက် မှာလည်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ခဲ့တယ်လို့ ဒီဇင်ဘာလ ၁ ရက်နေ့ ညမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အောက်တိုဘာလ ၂၇ ရက်ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ရှစ်ဆယ်သေဆုံးပြီး နောက်ထပ် အရပ်သား ၁၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တအာင်း အမျိုးသမီး အဖွဲ့အစည်းက ပြောပါတယ်။