လက်နက်ကြီးကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးကြောင်း Asia Times ဖော်ပြ
စစ်ကောင်စီတပ်ဘက်က နိုဝင်ဘာလ ၄ ရက်နေ့မှာပစ်လိုက်တဲ့ လက်နက်ကြီးကျည် တရုတ်နယ်မြေပိုင်နက်ထဲ ကျရောက်ခဲ့တာကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးပြီး တချို့ဒဏ်ရာရရှိခဲ့ပါတယ်။
-
RFA Burmese
2023-11-06 -
-
-
စစ်ကောင်စီတပ်ဘက်က နိုဝင်ဘာလ ၄ ရက်နေ့မှာပစ်လိုက်တဲ့ လက်နက်ကြီးကျည် တရုတ်နယ်မြေပိုင်နက်ထဲ ကျရောက်ခဲ့တာကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးပြီး တချို့ဒဏ်ရာရရှိခဲ့တယ်လို့ ဟောင်ကောင်အခြေစိုက် Asia Times အင်္ဂလိပ်သတင်းစာက နိုဝင်ဘာ ၅ ရက် မနေ့မှာ သတင်းဖော်ပြပါတယ်။
စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နှစ်နိုင်ငံနယ်စပ် တရုတ်နယ်မြေ ပိုင်နက်ထဲမှာရှိတဲ့ နေအိမ်တစ်လုံးကို ထိမှန်ခဲ့တာလို့ နယ်စပ်ဒေသခံတစ်ဦးရဲ့ ပြောကြားချက်ကိုကိုးကားပြီး Asia Times က ဖော်ပြခဲ့တာပါ။
အဲဒီပစ်ခတ်မှုဟာ မြန်မာနိုင်ငံဘက်အခြမ်း လိုင်ဇာမြို့ကို ပစ်မှတ်ထားခဲ့ပေမယ့် လွဲချော်ပြီး တရုတ်ပိုင်နက်ထဲ ကျခဲ့တာဖြစ်နိုင်တယ် လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးဘူး လို့လည်း Asia Times က ဖော်ပြထားပါတယ်။
လက်နက်ကြီးကြောင့် တရုတ်နိုင်ငံသားအချို့ ထိခိုက်သေဆုံးတယ်ဆိုတဲ့အပေါ် တိတိကျကျ သိရဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် ပေးပို့မေးမြန်းထားပေမယ့် ပြန်လည် ဖြေဆိုခြင်းတော့ မရှိသေးပါဘူး။
တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး Nong Rong ကတော့ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးအတွက် စစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ နိုဝင်ဘာလ ၆ ရက် ဒီနေ့မှာပြောကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး Nong Rong ဟာ နိုဝင်ဘာ ၃ ရက်နေ့က မြန်မာနိုင်ငံကို နှစ်ရက်ကြာ လာရောက်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ပါတယ်။