စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ရှစ်ရက်အတွင်း အရပ်သား ၂၄ ဦး သေဆုံးခဲ့ကြောင်း AAPP ပြော

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၈ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၄ ယောက် သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ် ကန်ကြီးတောရွာအား စစ်ကောင်စီတပ်မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ We Love Myaing

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၈ ရက်နေ့အထိ ရှစ်ရက်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ခုနစ်ယောက် အပါအဝင် စုစုပေါင်း ၂၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရတာဖြစ်ပြီး မကွေးတိုင်းမှာ ၁ဝ ယောက်နဲ့ အများဆုံး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အသက် တစ်နှစ်ခွဲအရွယ် ကလေးတစ်ယောက် အပါအဝင် အသက် ၁၈ နှစ်အောက် ကလေး ခုနစ်ယောက်၊ အမျိုးသမီး ၁၃ ယောက်၊ အမျိုးသား ၁၁ ယောက် ပါဝင်တယ်လို့ ဖော်ပြပါတယ်။

စစ်တပ်အာဏာသိမ်း သုံးနှစ်ခွဲကျော်အတွင်း သေဆုံးခဲ့ရတဲ့ ကလေး ၆၃၈ ယောက်အထိ ရှိလာပြီလို့လည်း AAPP က ဆိုပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီတစ်ပတ်အတွင်း သေဆုံးသူ ၁၈ ယောက်နဲ့ အများဆုံးဖြစ်ခဲ့ပြီး အောက်တိုဘာလ ၅ ရက်နေ့က မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်တာနဲ့ စက်သေနတ်ပစ်ခတ်တာတွေကြောင့် ဒေသခံအရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ အောက်တိုဘာ ၈ ရက်အထိ စစ်တပ်အာဏာ သိမ်းထားတဲ့ သုံးနှစ်ခွဲကျော်အတွင်း ၅,၇၈၀ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံခရသူ ၂၇,၅၂၂ ဦး ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AAPP ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org