ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲပြင်းထန်

ဖားကန့်မြို့နယ် မှန်စိမ်းကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်အကြား မတ်လ ၆ ရက်ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအုပ်စု မှန်စိမ်းကျေးရွာအနီးမှာ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်အကြား မတ်လ ၆ ရက်ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှန်စိမ်းရွာအနီးက KIA တပ်စခန်းကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြင်းထန်လာ တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ ဒီကနေ့အထိ ဖြစ်နေတယ်။ အဲဘက်က ဖုန်းလိုင်းမရတော့ ဘယ်လို ဘယ်လောက်ဖြစ်နေလဲ အသေးစိတ် မသိရသေးဘူး။ ၁ လပိုင်းလောက်က ကေအိုင်အေ စခန်းသိမ်း တိုက်ပွဲဖြစ် ကတည်းက အဲဘက်က ရွာတွေမှာ လူတွေ မရှိကြတော့ဘူး နီးစပ်ရာကို ထွက်ပြေးနေကြတာ”

ဒီတိုက်ပွဲမှာ နှစ်ဖက်တပ်တွေအနေနဲ့ ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကို RFA က မတ်လ ၇ ရက်မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲဖြစ်ပွားနေတာ မှန်ပေမယ့် အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲပေါင်း ၁၁၂၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org