စစ်ကောင်စီရဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို ကန့်ကွက်ရှုတ်ချကြောင်း PNFC ပြော
စစ်ကောင်စီဟာ အရပ်သားတွေကို အစုအပြုံလိုက် သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ PNFC က ပြောပါတယ်။
-
RFA Burmese
2024-02-13 -
-
-
စစ်ကောင်စီဟာ အရပ်သားတွေအပေါ် အစုအပြုံအလိုက် သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ (PNFC) ရဲ့ ဒေသတစ်ခုဖြစ်တဲ့ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးဒေသကို ဖေဖော်ဝါရီ ၇ ရက်ကစပြီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးအပြင် တင့်ကားတွေနဲ့ပါ ပစ်ခဲ့တာကြောင့် အင်ကြင်းကုန်းရွာခံ နှစ်ဆယ်ကျော်၊ နောင်ကုလားရပ်ကွက်က ဒေသခံကိုးဦးနဲ့ ကြုံးပါရွာက ညီအစ်မသုံးဦး အပါအဝင် ဒေသခံတစ်ရာကျော် သေဆုံးခဲ့ရတယ်လို့ (PNFC) က ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ဇရပ်ကြီးဒေသက ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တွေပါ ဗုံးကြဲခံခဲ့ရတာကြောင့် ပျက်စီးခဲ့တယ်လို့လည်း (PNFC) က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၄ ရက်မှာလည်း ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNA) လက်အောက်ခံ အောင်ဆုဗွေ ဆေးဖြတ်စခန်းမှာ ဆေးဖြတ်နေတဲ့ အမျိုးသား ၁၂ ဦးကို ရှေ့တန်းသွားဖို့ ငြင်းဆန်တာကြောင့် စစ်ကောင်စီတပ်က ပစ်သတ် လိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်မယ်လို့ ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက RFA ကို ပြောပါတယ်။
“အောင်ဆုဗွေစခန်းမှာ ဖြစ်တဲ့ကိစ္စကတော့ ဆေးဖြတ်တဲ့လူငယ်တွေကို စစ်တိုက်ခိုင်းတယ်။ သူတို့က ဆေးပဲ လာဖြတ်ကြတာပေါ့နော်။ အောင်ဆုဗွေစခန်းဆိုတာ ကြေညာထားတာကိုက လူငယ်စာရိတ္တ ပြုပြင်ရေးစခန်း ဖြစ်တယ်။ ဒါကို စစ်တိုက်ခိုင်းတယ်။ ပအိုဝ်းအချင်းချင်းမို့ စစ်မတိုက်ချင်ဘူးလို့ပြောလို့ ဒါ ၁၂ ဦးစလုံးကို ပစ်သတ်ခဲ့တာလည်း ဒါ အင်မတန်ကြီးမားတဲ့ စစ်ရာဇဝတ်မှုလည်း ဖြစ်ပါတယ်”
ကယားပြည်နယ်နဲ့ မကွေးတိုင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ကလေးငယ်တွေအပါအဝင် အရပ်သားတွေ အစုအပြုံလိုက် သေဆုံးခဲ့ရတယ်လို့ (PNFC) ကဆိုပါတယ်။
ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ (PNA) ပြောခွင့်ရသူ ဦးခွန်ထွန်းရွှေကတော့ ဆေးဖြတ်စခန်းမှာ အမျိုးသား ၁၂ ဦး သတ်ဖြတ်ခံရတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
“ရွာတွေမှာ ဆေးစွဲတဲ့လူတွေကို အဖွဲ့အစည်းထဲ ထည့်တာကတော့ ဟုတ်ပါတယ်။ မဟုတ်လည်း သူတို့ကရွာမှာ အန္တရာယ်များတော့ အဖွဲ့အစည်းထဲမှာဆို ထိန်းသိမ်းပြီးသား ဖြစ်တာပေါ့လေ။ ရှေ့တန်းမသွားချင်လို့ ပစ်သတ် လိုက်တယ်ဆိုတဲ့ ဖြစ်စဉ်မျိုးတော့ မရှိပါဘူး”
ဒါ့အပြင် (PNFC) ရဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေး ဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာမှာ ပေါ်ပေါက်လာတဲ့ ပအိုဝ်းတိုင်းရင်းသား အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာဏာရှင်ဆန့်ကျင်ရေးအတွက် တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်ကနေ ၁၁ ရက်အထိ (PNFC) ရဲ့ အစည်းအဝေးကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ပြီး ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ - ခမ်းဒွမ် (PNDF - KD) နဲ့ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင်း (PNDF - KK) တို့အကြား စစ်ရေးဆိုင်ရာ ပူးတွဲညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။