အဆိပ်ငွေ့ဗုံးအသုံးပြုမှု စွပ်စွဲချက် မမှန်ဘူးလို့ စစ်ကောင်စီ တုံ့ပြန်

TNLA က နမ့်ခမ်းမြို့နယ်နဲ့ လားရှိုးမြို့နယ် တပ်စခန်းတွေကို ဝင်တိုက်တဲ့နေ့တွေမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ TNLA က နိုဝင်ဘာလ ၁၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

နမ့်ခမ်းမြို့နယ် စခန်းသစ်လက်နက်ကြီးကုန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့က တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံးဖြင့် ပြန်လည်တိုက်ခိုက်ကြောင်း TNLA မှ ထုတ်ပြန်ထားစဉ်။ PSLF/TNLA - သတင်းနှင့် ပြန်ကြားရေးဌာန

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတချို့မှာ စစ်ကောင်စီတပ်က ဓာတုလက်နက် အဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်က မမှန်ကန်ဘူးလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နမ့်ခမ်းမြို့နယ် စခန်းသစ်လက်နက်ကြီးကုန်းကို သိမ်းယူထားတဲ့ နိုဝင်ဘာလ ၁၈ ရက်နဲ့ လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်းကို ဝင်တိုက်တဲ့ နိုဝင်ဘာလ ၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ TNLA က နိုဝင်ဘာလ ၁၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် TNLA တပ်ဖွဲ့ဝင်တွေ မူးဝေတာ၊ အသက်ရှူမြန်တာ၊ မအီမသာဖြစ်တာ၊ မောပန်းတာ၊ စိတ်လှုပ်ရှားမှုမြန်ဆန်တာနဲ့ အောက်ဆီဂျင်ကျတာတွေကို အပြင်းအထန်ခံစားခဲ့ရတယ်လို့ TNLA က ဆိုပါတယ်။

တားမြစ်ထားတဲ့ ဓာတုဗေဒလက်နက်တွေကို အသုံးပြုတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံတကာက အရေးယူဖို့ TNLA က တောင်းဆိုထားပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီတိုက်ပွဲတွေမှာ TNLA ဘက်က ထိခိုက် သေဆုံးမှုများတဲ့အတွက် အဆိပ်ဓာတ်ငွေ့တွေနဲ့ တိုက်ခိုက်တယ်ဆိုပြီး သတင်းလွှင့်နေတာလို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေတစ်ဆင့် နိုဝင်ဘာလ ၂၀ ရက်မှာ တုံ့ပြန်ပြောဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်စခန်း ၁၅၀ ကျော်နဲ့ မြို့တချို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org