စစ်ကောင်စီကို တွန်းအားပေးဖို့ အင်ဒိုနီးရှားနဲ့ စင်ကာပူ သဘောတူ

အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရေး စစ်ကောင်စီကို တွန်းအားပေးဖို့ အင်ဒိုနီးရှားနဲ့ စင်ကာပူ ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

အင်ဒိုနီးရှားသမ္မတ Prabowo Subianto (ယာ) နှင့် စင်ကာပူဝန်ကြီးချုပ် Lawrence Wong (ဝဲ) တို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ သမ္မတအိမ်တော်တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ဆုံစဉ်။ AFP

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်ထည်ဖော်ရေး စစ်ကောင်စီကို တွန်းအားပေးဖို့ အင်ဒိုနီးရှားနဲ့ စင်ကာပူ ခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်လို့ ဂျကာတာကလာတဲ့ သတင်းတစ်ပုဒ်က ဖော်ပြပါတယ်။

အင်ဒိုနီးရှားသမ္မတ Prabowo Subianto နဲ့ စင်ကာပူဝန်ကြီးချုပ် Lawrence Wong တို့ နိုဝင်ဘာလ ၆ ရက် မနက်ပိုင်းက ဂျကာတာက သမ္မတနန်းတော်မှာ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

အထူးသဖြင့် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကတဆင့် မြန်မာ့အရေး အဖြေရှာဖို့နဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးပို့နိုင်ရေးဆိုင်ရာ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ သေချာအောင် တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အာဆီယံခေါင်းဆောင်တွေက အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် ချမှတ်ခဲ့ပါတယ်။

အဲဒီထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးရေး၊ ဆွေးနွေးပွဲတွေကို ပံ့ပိုးကူညီဖို့ အာဆီယံ အထူးသံတမန်တစ်ဦး ခန့်အပ်ရေး၊ အာဆီယံကတစ်ဆင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေးနဲ့ အာဆီယံ အထူးသံတမန် မြန်မာပြည်ကိုလာပြီး သက်ဆိုင်တဲ့အဖွဲ့အားလုံးနဲ့ တွေ့ဆုံရေးတို့ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org