အင်ဂျန်းယန်က စစ်ကောင်စီတပ်တွေ၊ အုပ်ချုပ်ရေးဝန်ထမ်းတွေ ပြောင်းရွှေ့

မြစ်ကြီးနားခရိုင် အင်ဂျန်းယန်မြို့နယ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုက တပ်ဖွဲ့ဝင်တွေ၊ မြို့တွင်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေ မြစ်ကြီးနားဘက်ကို ပြောင်းရွှေ့သွားပါတယ်။

မြစ်ကြီးနားဘက်သို့ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ Kachin Net

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အင်ဂျန်းယန်မြို့နယ်အတွင်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုက စစ်ကောင်စီ တပ်သားတွေ၊ မြို့အတွင်းမှာရှိတဲ့ ရဲတပ်ဖွဲ့ ဝင်တွေနဲ့ အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေ နိုဝင်ဘာလ ၂၁ ရက်မှာ မြစ်ကြီးနား ဘက်ကို ပြောင်းရွှေ့သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

အင်ဂျန်းယန်မြို့အတွင်းက တပ်စခန်းတစ်ခုနဲ့ (၁၅) မိုင်ဂိတ်၊ ဇွပ်မိုင်ယန်မှာ အခြေချ ထားတဲ့ စစ်ကောင်စီတပ် ခလရ - ၄၀ လက်အောက်ခံ တပ်နှစ်ခုလည်း ပါသွားတယ်လို့ ဆိုပါတယ်။

အဲဒီစခန်းနှစ်ခုမှာ အင်အား ရှစ်ဆယ်ကျော်ရှိပြီး စစ်ကား ငါးစီးနဲ့ ဆုတ်ခွာသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်ဂျန်းယန် မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“အပြီး ဆုတ်ခွာသွားတာ ဟုတ်တယ်။ သွားကြည့်တာတော့ နောက်လူတွေ ထပ် နေမရအောင် စခန်းက အဆောက်အအုံတွေကို ဖျက်ဆီးသွားတယ်။ ဘာကြောင့် တပ်ပြန်ဆုတ်လဲတော့ မသိဘူး။ ဒီဖြစ်ရပ်က တော်တော်တော့ ထူးဆန်းနေတယ်”

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေး စာမျက်နှာမှာလည်း အင်ဂျန်းယန်မြို့နယ်က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထွက်ခွာသွားတဲ့အပေါ် နိုဝင်ဘာလ ၂၁ ရက်နေ့က ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဘာကြောင့် အခုလို ထွက်ခွာသွားတာလဲ ဆိုတာကိုတော့ ထည့်သွင်း ဖော်ပြ ထားတာ မရှိပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဆုတ်ခွာသွားတဲ့ တပ်စခန်းတွေကတော့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေမှာ တည်ရှိပြီး စစ်ရေးအရ လှုပ်ရှားတာမျိုး နည်းပါး တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org