စစ်ကောင်စီ လက်နက်ကြီးကြောင့် တစ်ပတ်အတွင်း အရပ်သား ၅၀ သေဆုံး

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၅၀ ခန့်သေဆုံးပြီး ၇၀ နီးပါး ဒဏ်ရာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း လက်ပံချောင်းရွာက ကိုယ်ပိုင်ကျောင်းဆောင်(ဟောင်း)တစ်ခု လက်နက်ကြီးထိမှန်ခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ အမြောက်တွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ ခန့်သေဆုံးပြီး ၇၀ နီးပါး ဒဏ်ရာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။

မြေမြှုပ်မိုင်းကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ဇူလိုင် ၂၂ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တပ်မတော်က လေကြောင်းကနေ ဗုံးကြဲတိုက်ခဲ့သလို မုံရွာမြို့နယ် ချင်းတွင်းမြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေကိုလည်း စစ်ရေယာဉ်တွေကနေ အမြောက်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အင်းစိန်အကျဉ်းထောင်နဲ့ ပဲခူးတိုင်း ကျိုက်စကောအကျဉ်းထောင်က အကျဉ်းသားတွေ ဝမ်းပျက်ဝမ်းလျှောခံစားခဲ့ကြရပြီး ဆေးဝါးကုသမှု လိုအပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခတွေကြား ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူ သုံးသန်းကျော် ရှိသွားပြီဖြစ်ကြောင်း (UNOCHA) က ပြီးခဲ့တဲ့ ဇွန်လကုန်က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org