မောင်တောမှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

မောင်တောမြို့နယ် ရေနောက်ငါးသားကျေးရွာထဲကို လက်နက်ကြီး ကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ နောက်ထပ် လေးဦး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဥ်။ AFP

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရေနောက်ငါးသားကျေးရွာထဲကို ဇန်နဝါရီလ ၁၂ ရက် ညနေ နှစ်နာရီဝန်းကျင်က လက်နက်ကြီး ကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ နောက်ထပ် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေနောက်ငါးသားရွာဟာ မောင်တောကနေ အင်တူလာ ကျေးရွာဘက်သို့ ဆက်သွယ်ထားတဲ့ ကားလမ်းမကြီးပေါ်မှာ ရှိပါတယ်။ သေဆုံး၊ ဒဏ်ရာရသူတွေဟာ စစ်ဘေးရှောင်နေရာကနေ လိုအပ်တဲ့ ပစ္စည်းတွေ ပြန်လာယူချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကလေးအမေ တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်။ နောက်လေးယောက် ဒဏ်ရာရသွားတယ်။ တမန်းသား ရွာနားကတောင်မှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်တာပါ”

သေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ် ဒေါ်ခင်ခင်အေး ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကတော့ အသက် ၃၀ ကျော်အရွယ် ဒေါ်ဦးကြာမေ၊ အသက် ကိုးနှစ်အရွယ် သိန်းဇော်နိုင်၊ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်မစိန်နဲ့ အသက် ၃၀ အရွယ် ဒေါ်မသန်းအေးတို့ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစလို့ တစ်ကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဒီနှစ်လကျော်အတွင်း စစ်ရေး ပဋိပက္ခတွေကြောင့် အရပ်သား ခြောက်ဆယ်ကျော် သေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org