ရှမ်းပြည်နယ်အတွင်း စစ်အစိုးရတပ်တွေ တိုးချထား
မြန်မာစစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်တဲ့ ဝ နယ်နဲ့ SSA မြောက်ပိုင်း ဌာနချုပ် အနီး ပတ်ဝန်းကျင်မှာ အခုရက်ပိုင်းအတွင်း စစ်အင်အားတွေ တိုးချဲ့ ချထားကြောင်း အပစ်ရပ်အဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းတွေအရသိရပါတယ်။
-
2010-10-24 -
-
-
ဒါပေမဲ့ စစ်အစိုးရဘက်က တိုင်းရင်းသားအဖွဲ့တွေအပေါ် ရွေးကောက်ပွဲမတိုင်ခင် တိုက်ခိုက်ဖို့ အလားအလာ မရှိဘူးလို့လည်း သိရပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာလကတည်းက စပြီး မြန်မာ စစ်အစိုးရတပ်တွေ SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်း နယ်မြေအတွင်းမှာ တဖြည်းဖြည်း ဝင်ရောက်လာနေပါတယ်။ အခုရက်ပိုင်းမှာ SSA မြောက်ပိုင်းဗဟိုဖြစ်တဲ့ တပ်မဟာ (၁) နယ်မြေ ဝမ့်ဟိုင်းနဲ့ အနီးအနားမှာ စစ်အစိုးရတပ်တွေ တိုးချထားတဲ့အကြောင်း SSA တပ်ဖွဲ့ဝင်တယောက်က ပြောပြပါတယ်။
အခုထပ်တိုးတဲ့ တပ်တွေထဲမှာ လွယ်လင်အခြေစိုက် ခလရ (၉) တပ်ရင်းက SSA မြောက်ပိုင်း ဝမ့်ဟိုင်းဗဟိုရဲ့ တောင်ဘက်မှာ လှုပ်ရှားနေတဲ့အပြင် ကျေးသီးအခြေစိုက် အင်အား ၆၀ လောက်ရှိတဲ့ ခလရ (၁၃၁) တပ်ကလည်း အဲဒီဗဟိုရဲ့ အရှေ့ဘက်မှာ လှုပ်ရှားနေတယ်လို့ သိရပါတယ်။
တန့်ယန်းမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်အတွင်း SSA မြောက်ပိုင်းဗဟိုနဲ့ ဆက်စပ်နေတဲ့ ဝ နယ်အစပ်မှာလည်း တိုင်းရင်းသားတပ်တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေ တိုးချထားတယ်လို့ သိရပါတယ်။ အဲဒီနေရာမှာ အရင်ကတည်းက တပ်တွေ ချထားတာ ရှိပေမယ့် မကြာခင်ကမှ အသစ်ပြောင်းလာတဲ့ အရှေ့မြောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောရဲ့ လက်ထက်မှာ တပ်တွေ ပိုပြီး တိုးချလာတာ ဖြစ်တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာ စစ်အစိုးရဘက်က အခုလို တပ်တွေ တိုးချထားတာဟာ ရွေးကောက်ပွဲမတိုင်ခင် တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘဲ ဖိအားပေးမှု တခုသာ ဖြစ်လိမ့်မယ်လို့ SSA တောင်ပိုင်း ခေါင်းဆောင်တွေက ယူဆကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။
“အခု ချက်ခြင်းကြီးတော့ နအဖ အပေါ်မှာပဲ မူတည်ပါတယ်၊ တိုက်ဖို့ မတိုက်ဖို့ ဆိုတာကတော့။ အားလုံး မဟုတ်ပေမယ့် အများအားဖြင့် နိုင်ငံရေးပိုင်းမှာရော စစ်ရေးပိုင်းမှာရော ဝေဖန်သုံးသပ်နေတဲ့ ကျနော်တို့ တပ်တွင်းက လူကြီးတွေကတော့ ရွေးကောက်ပွဲပြီးမှပဲ အခြေအနေက ဒီထက်ပိုပြီးတော့ ဆိုးဝါး တင်းမာလာနိုင်တဲ့ သဘော ရှိပါတယ်။ အခုချက်ခြင်းကြီးတော့ ကျနော်တို့ သိသလောက်တော့ အလားအလာ သိပ်မရှိပါဘူး။ စစ်အင်အား သုံးပြီးတော့ သွားရေးလာရေး အဆင်မပြေအောင် ဖိအားပေးတဲ့ သဘောမျိုး၊ အဲဒီလောက်ပဲ ရှိပါသေးတယ်”
မြန်မာစစ်အစိုးရဟာ ရှမ်း၊ ကချင်၊ ဝ စတဲ့ အပစ်ရပ် အဖွဲ့တွေ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်ခံလာအောင် ၂၀ဝ၉ ခုနှစ်ကတည်းက ပုံစံအမျိုးမျိုးနဲ့ ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဘက်က အခုအချိန်အထိ လက်မခံသေးပါဘူး။
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ကတည်းက ရှိနေခဲ့တဲ့ ပြဿနာတွေကို အခုလာမယ့် ရွေးကောက်ပွဲ ပြီးရင် စစ်အစိုးရအနေနဲ့ ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ မသိရပေမယ့် တိုင်းရင်းသား အဖွဲ့တွေကတော့ နှစ်ဘက် ပြဿနာတွေကို နိုင်ငံရေးအရ ညှိနှိုင်း အဖြေရှာဖို့ပဲ လိုလားကြောင်း မကြာခဏ ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။