ကချင်မှာ ဈေးကွက်ဝင် ကော်ဖီစိုက်ဖို့ အဆိုတင်
2017.12.01

ကချင်ပြည်နယ်က တောင်တန်းဒေသတွေမှာ နိုင်ငံတကာဈေးကွက်ဝင် ကော်ဖီမျိုးကောင်း၊ မျိုးသန့်တွေကို အစိုးရ က စီမံချက်နဲ့ ကျယ်ပြန့်စွာစိုက်ပျိုးဖို့ တိုက်တွန်းကြောင်းအဆိုကို မိုးညှင်းမြို့နယ်ရဲ့ ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း က ဒီကနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။
တောင်တန်းဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိစေဖို့နဲ့ လူမှုစီးပွားဖွံ့ဖြိုးစေဖို့ အစိုးရကို တိုက်တွန်းတာဖြစ်ကြောင်း မိုးညှင်းမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
အဲဒီအဆိုကို ဗန်မော်မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းက ထောက်ခံတာကြောင့် ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ကော်ဖီစိုက်ပျိုးဖြစ်ထွန်းပေမဲ့ စိုက်ပျိုးသူနည်းနေကြောင်းနဲ့ လောလောဆယ်မှာ ဧက ၁ ထောင်ကျော်ကိုသာ စိုက်ပျိုးလုပ်ကိုင်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ Arabica နဲ့ Robusta ကော်ဖီ နှစ်မျိုးကို စိုက်ပျိုးနေကြတယ်လို့ သိရပါတယ်။