ကချင်ပြည်နယ် ဗန်းမော်တဝိုက် တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ် ဗန်းမော်မြို့ အနောက်ဘက်ခြမ်း ရှမ်းမိုင်းတာရွာမှာ စခန်းချထားတဲ့ ဗန်းမော် PDFနဲ့ စစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၃ရက် မနက်ကနေ ညနေထိ တနေ ကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် အရပ်သား၃ ဦး လက်နက်ကြီး ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
- 2021-12-03
-
-
-
ကချင်ပြည်နယ် ဗန်းမော်မြို့ အနောက်ဘက်ခြမ်း ရှမ်းမိုင်းတာရွာမှာ စခန်းချထားတဲ့ ဗန်းမော် PDFနဲ့ စစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၃ရက် မနက်ကနေ ညနေထိ တနေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီး တွေနဲ့ ပစ်ခတ်တဲ့အတွက် အရပ်သား၃ ဦး လက်နက်ကြီး ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်တပ်ကစပြီး လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပြည်သူသုံးဦးက လက်နက်ကြီး သေနတ်ကျည်တွေ ထိပြီးသေသွားတာ။ တိုက်ပွဲဖြစ်တဲ့အတွက် ပါပေါင်းရွာက ပြည်သူတွေလည်း ထွက်ပြေးနေရတယ်”လို့ ရှမ်းမိုင်းတာရွာ ဒေသခံတစ်ဦးကဆိုပါတယ်။
ရှမ်းမိုင်းတာရွာက အသက် ၅၀ အရွယ် ဦးမြင့်ဦးကိုက စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ပါပေါင်းရွာက နှစ်ဦးကတော့ လက်နက်ကြီးထိပြီးသေဆုံးခဲ့တာလို့ဆိုပါတယ်။
ဒီဇင်ဘာ ၃ရက် နေ့လယ်ပိုင်းကလည်း ကျောက်တုံးကြီးဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့ပြီး ထိခိုက် သေဆုံးမှုတွေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ နေ့လည် ၁၁ နာရီကျော်လောက်မှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ် နှစ်စီးနဲ့ စစ်သားတွေ လာချသွားတယ်လို့လည်းဆိုပါတယ်။ ညနေပိုင်းမှာလည်း သင်္ဘောနှစ်စီးနဲ့ စစ်ကောင်စီတပ်သားတွေရောက်လာပြီး ညနေ ၆ နာရီလောက်မှာ ပါပေါင်းရွာအနီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ကလည်း KIA ကချင်တပ်မဟာ ၉ရဲ့ အမှတ်(၂၆) တပ်ရင်းနယ်မြေ အင်းတော်ကြီး ဒေသဘက်မှာ တနေကုန်နီးပါး စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ အခုရက်ပိုင်းတွေ အတွင်း ကချင်ပြည်နယ် ဖားကန့်၊ မိုးညှင်းနဲ့ ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်ဒေသတွေမှာ KIAနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ခိုက်နေကြပါတယ်။