ကချင်စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကူးစက်သူများလာ

2021.11.04
ကချင်စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကူးစက်သူများလာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စင်ကြိုင် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို ၂၀၂၀၊ ဇွန် ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်၊ ကေအိုင်အို ထိန်းချုပ်နယ်မြေတွေက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အခုရက်ပိုင်းတွေအတွင်း ကိုဗစ်ပိုးတွေ့လူနာတွေများပြားလာတာကြောင့်၊ စခန်းတချို့ကို အသွားအလာကန့်သတ်ထားရတယ်လို့ စခန်းတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော် စတဲ့ မြို့တွေက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အခုလက်ရှိ ကိုဗစ် ကူးစက်သူ လျော့နည်းလာပေမယ့် ကေအိုင်အို ထိန်းချုပ်နယ်မြေက စစ်ဘေးဒုက္ခသည်စခန်းတွေမှာတော့ အခုရက်ပိုင်း ပိုးတွေ့လူနာတွေ များပြားလာတာပါ။

ကေအိုင်အို ကျန်းမာရေးဌာနကလည်း နိုဝင်ဘာ ၃ ရက်နေ့အထိ ကေအိုင်အေထိန်းချုပ်နယ်မြေမှာ ကိုဗစ်ကူးစက်မှုကြောင့် ဆေးကုသမှုခံယူနေရသူ ၉၈၅ ယောက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာရှိတဲ့ ပါကထောင်စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် ကိုဗစ်ပိုးတွေ့သူ ၁၈၄ ဦးအထိရှိလာတာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က စခန်းကို အသွားအလာကန့်သတ်ထားတယ်လို့ စခန်းတာဝန်ခံ ဦးနောင်လတ်က RFA ကိုပြောပါတယ်။

“အခုလောလောဆယ်ဆယ် ဒုက္ခသည်စခန်းမှာ စားဝတ်နေရေးတော့ အဆင်မပြေဘူး။ အဆင်မပြေဘူးဆိုတော့ ဆန်တွေ ဆားတွေ ဆီတွေ မထုတ်ပေးတာတောင် လေးလတောင် ရှိသွားပြီ။ ဒီကိုဗစ်ကြောင့်ပေါ့နော်။ ဒါ ကြောင့် ကျွန်တော့်ဒုက္ခသည်စခန်းမှာလည်း ဒုက္ခတွေအများကြီးပဲ”

ကိုဗစ်ကူးစက်မှု များလာတာကြောင့် ကေအိုင်အေဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က စပြီး အသွားအလာကန့်သတ်မှု Lockdown ချထားလိုက်ပြီလို့ ကေအိုင်အို ကိုဗစ်- ၁၉ ကာကွယ်ရေးကော်မတီက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုကြောင့် ဒီနေ့အထိ သေဆုံးသူရှစ်ဦး ရှိပြီး ဗန်းမော် Robert IDP စခန်းက ငါးဦး၊ ကေအိုင်အို ထိန်းချုပ်နယ်မြေ ဒုက္ခသည်စခန်းတွေက သုံးဦး ဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းတွေမှာ တကျော့ပြန် ကိုဗစ်ကူးစက်မှုတွေ များလာနေတဲ့အတွက် ဒုက္ခသည်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးနေတဲ့ ဒေါ်မေရီ က ပြောပါတယ်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်မတို့ IDP စခန်းတွေမှာက အဓိက စားနပ်ရိက္ခာပေါ့။ ခါတိုင်းရနေတဲ့ ဆန်ဆီဆားဒါတွေက မရဘူး ၃ လကျော်နောက်ကျမှ ရလာတဲ့ဟာမျိုးပေါ့။ အဲတာကြောင့် အစားအသောက်က တအားခက်ခဲသွားတာ။ ၂၀၂၀ ကနေ ခက်ခဲလာတာ ၂၀၂၁ မှာ ပိုခက်ခဲသွားတယ်။ ဇူလိုင်မှာ outbreak ဖြစ်သွားတာဆိုတော့။ အခုတောက်လျှောက် အလုပ်အကိုင်မရှိဘူး။ အစားအသောက်မရှိဘူးနယ်စပ်ဂိတ်တွေ ကလည်း အကုန်လုံးပိတ်ထားတယ်။ ကုန်ဈေးနှုန်းတွေကို နှစ်ဆ သုံးဆဖြစ်သွားတယ်။ အာလူး တစ်အိတ်ကို မြန်မာငွေဆို ကျပ်တစ်သိန်းလောက်ရှိတယ်။ အခုတရုတ်ငွေဈေးနဲ့ပေါ့။ နဂိုကလည်း မရှိဘူး ဝင်ငွေကလည်း မရှိဘူး။ စားနပ်ရိက္ခာကလည်း နောက်ကျတယ်ပေါ့။ IDP တွေ ချေးငှားစားရတယ်။တချို့က ချေးငှားတောင် ဘာမှ မရှိတော့ ရှိတာကို ထုခွဲရောင်းစားကြတော့ ရောင်းစရာလည်း ဘာမှ မရှိတော့ဘူးတော့ဘူးပေါ့”

အခုလောလောဆယ်မှာ ကေအိုင်အို ထိန်းချုပ်နယ်မြေထဲက မိုင်ဂျာယန်၊ အင်ဘာပါဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ အများဆုံးတွေ့နေရတယ်လို့လည်း ဒေါ်မေရီ က ပြောပါတယ်။

လက်ရှိကူးစက်နေတဲ့ ကိုဗစ်လက္ခဏာတွေဟာ အရင်က လက္ခဏာတွေထက် ပိုမိုပြင်းထန်သလို၊ ကာကွယ်ဆေး ထိုးထားတဲ့သူတွေမှာလည်း ထပ်မံကူးစက်တာတွေရှိနေတယ်လို့ဆိုပါတယ်။ ကေအိုင်အိုထိန်းချုပ်နယ်မြေက ကိုဗစ်ပိုးတွေ့လူနာတွေကို သီးသန့်အဆောင်မှာ အချိန်သုံးပတ်တိတိထားပြီး စောင့်ကြည့်ကုသပေးနေပါတယ်။

လိုင်ဇာနဲ့ မိုင်ဂျာယန်မှာတော့ ကေအိုင်အိုက ကိုဗစ်ကူးစက်မှု ရှိမရှိ စစ်ဆေးပြီး ကာကွယ်ဆေးတွေကို ထိုးပေးနေ ပါတယ်။ လက်ရှိအချိန်အထိ ဒုက္ခသည်တွေအပါ လိုင်ဇာမြို့က လူဦးရေ တစ်သောင်းလေးထောင်ခန့်နဲ့ မိုင်ဂျာယန်ဘက်မှာ လူပေါင်းတစ်သောင်းနှစ်ထောင်ခန့်အထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားတယ်လို့ ကေအိုင်အို ကိုဗစ်- ၁၉ ကာကွယ်ရေး ကော်မတီကပြောပါတယ်။

မြစ်ကြီးနားမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း ဒီနေ့အထိ ကိုဗစ်ကူးစက်မှုတွေရှိနေဆဲဖြစ်တယ်လို့ မြစ်ကြီးနား ၁၀ မိုင်ကျေးရွာ ဂျော်မဆပ် စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံဆရာ ဇော်ရတ်က ဆိုပါတယ်။

“စက်တင်ဘာလကုန်ပိုင်းမှာ covid က မြန်မြန်ဆန်ဆန် တအားများသွားတယ်။ ၁၅၂ ယောက်ထိ ဖြစ်သွားတယ်။ ဒါပေမဲ့ ဒီအောက်တိုဘာ လကုန်ပိုင်းမှာတော့ လျှော့သွားပြီး ဒီcamp အတွင်းမှာလုပ်ထားတဲ့ ကွာရန်တင်းစင်တာမှာနေပြီးတော့ နှစ်ပတ်ပြည့်တဲ့သူတွေကို test လုပ်ပြီး သူတို့အိမ်ကိုပြန်ပြီးတော့နေခိုင်းတယ်။ အခုတော့ ၆ ယောက် ၇ ယောက်လောက်ပဲ ကွာရန်တင်းစင်တာမှာ ရှိသွားပြီ။ အားလုံးကတော့ negative ပြန်ဖြစ်သွားပြီ"

kachin-refugees-pic2.jpg
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စင်ကြိုင် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို ၂၀၂၀၊ ဇွန် ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မြစ်ကြီးနား ဗန်းမော်စတဲ့ မြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာတော့ လက်ရှိမှာ ကိုဗစ်ကူးစက်မှုတွေ နည်းလာပေမယ့် မိုးမောက်မြို့က ဒုက္ခသည်စခန်းတွေမှာတော့ ကူးစက်မှုတွေရှိနေဆဲလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဝိုင်းမော်မြို့နယ် မိုင်းနားမှာရှိတဲ့ KBC စစ်ဘေးဒုက္ခသည်စခန်းမှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ကိုဗစ်ကူးစက်ခံရသူ ၁၀၀ ခန့်ရှိခဲ့ပေမယ့် အခုတော့ နှစ်ဦးသာ ကျန်ပါတော့တယ်။ ဒါပေမဲ့ စခန်းအပြင်မှာ ကိုဗစ်ကူးစက်မှုမြင့်မားနေလို့ ဒုက္ခသည်တွေအတွက် အခက်အခဲတွေရှိနေဆဲ ဖြစ်တယ်လို့ စခန်းတာဝန်ခံ ဦးဆိုင်းဂျတ်က ဆိုပါတယ်။

“lockdown တော့ မလုပ်ထားတော့ဘူး။ စားနပ်ရိက္ခာ ခက်ခဲတဲ့အတွက်ကြောင့် နေ့စားတွေ သွားနေကြပြီတော့ lockdownတော့ မလုပ်တော့ဘူး။ အရမ်းကြီးဖွင့်လိုက်တာမျိုးတော့ မလုပ်သေးဘူး”

စစ်ဘေးဒုက္ခသည်တွေဟာ ၁၀ ပေပတ်လည်ရှိတဲ့ တန်းလျားအခန်းကျဉ်းမှာ မိသားစုတွေစုပြုံနေရတဲ့အတွက် ကူးစက်မှုပိုပြီး မြန်ဆန်စေတာလို့လည်း ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာ အရင်က စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေရာက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် စစ်ဘေးဒုက္ခသည် ခြောက်ထောင်ကျော်ထိ ထပ်တိုးလာတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။