ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၇၀၀ ကျော်သုံးစွဲထား
ကချင်ပြည်နယ်က ကျောက်စိမ်းတွင်းနယ်မြေတွေဖြစ်တဲ့ လုံးခင်း-ဖားကန့်နဲ့ မော်လူး-မော်ဟန် ရတနာနယ်မြေတွေရဲ့ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေကျပ်သန်းပေါင်း ၃ ထောင်ကျော်ရှိတဲ့အထဲက ကျပ်သန်း ၇ ရာကျော်ကို သုံးစွဲဖို့ ထုတ်ပေးထားတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။
-
2017-11-10 -
-
-
ကချင်ပြည်နယ်က ကျောက်စိမ်းတွင်းနယ်မြေတွေဖြစ်တဲ့ လုံးခင်း-ဖားကန့်နဲ့ မော်လူး-မော်ဟန် ရတနာနယ်မြေတွေ ရဲ့ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေကျပ်သန်းပေါင်း ၃ ထောင်ကျော် ရှိတဲ့အထဲက ကျပ်သန်း ၇ ရာကျော်ကို သုံးစွဲဖို့ ထုတ်ပေးထားတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။
ဖားကန့် နဲ့ မော်ဟန်ဒေသက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် စိစစ်အတည်ပြုပြီး ကျပ်သန်း ၇ ရာကျော်ကို ထုတ်ပေးထားတာလို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင် က ပြောပါတယ်။
"သန်း ၃ ထောင်ကျော်ကျော် ကျနော်တို့ လက်ခံရရှိတာရှိပါတယ်။ လက်ရှိကျနော်တို့ အကောင်အထည်ဖော်တာတော့ ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ ရေကြီးရေလျှံမှုတုန်းက မျောပါသွားတဲ့ တံတားဟောင်းတွေ တိုင် ၂ တိုင်ကိုဖျက်ဖို့ဆိုပြီးမှ သူတို့က တောင်းဆိုလာတယ်။ ကျနော်တို့ သွားစိစစ်တယ်။ မှန်ကန်တဲ့အတွက်ကြောင့် ၁၆ သန်းကို ထုတ်ပေးထာတာဖြစ်တယ်။ ဒီမော်ဟန် ဘက်ပိုင်းမှာလည်း လေးတန်ချောင်းက နှစ်စဉ် မော်ဟန်ရွာထဲကို ဝင်လာတယ်။ ချောင်းရေတိုက်စား မှုတွေ ဖြစ်လာတဲ့အတွက်ကြောင့် ပျက်စီးလာတဲ့အပိုင်းကိုတော့ သန်းပေါင်း ၇ ရာကျော်ရှိတယ်။ အားလုံးပေါင်းကနေ့ သန်းပေါင်း ၇၁၆ သန်းကျော်ကျော်လောက်ဟာ သုံးစွဲနေတဲ့အပိုင်းရှိတယ်။ လက်ကျန်ငွေကတော့ သန်းပေါင်း ၂၉၉၀ ကျော်ရှိပါသေးတယ်။"
အဲဒီငွေတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒေသခံတွေရဲ့ လူမှုစီးပွားဖွံဖြိုးရေးလုပ်ငန်းတွေ အတွက် ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်တဲ့ ကော်မတီတွေက စိစစ်အတည်ပြုချက်တွေနဲ့အညီ ထုတ်ယူသုံးစွဲ ရမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီငွေတွေဟာ ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေက ကျောက်စိမ်းရောင်းရငွေထဲကနေ သတ်မှတ်အခွန်ငွေနှုတ် ပြီး ကျန်ငွေအပေါ်မှာ ၁ ရာခိုင်နှုန်း ထည့်ဝင်ထားတဲ့ လူမှုတာဝန်ခံမှု CSR - Corporate social responsibility ရန်ပုံငွေဖြစ်ပါတယ်။
ရန်ပုံငွေတွေကို မော်လူး-မော်ဟန်နဲ့ လုံးခင်း-ဖားကန့် ရတနာနယ်မြေတွေရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ၂၀၁၆ ခုနှစ်အတွင်းမှာ ပြည်ထောင်စုအစိုးရကနေ ကချင်ပြည်နယ် အစိုးရကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။