ဖားကန့်မှာ မူးယစ်ဆေးဝါးနှိမ်နင်းမှု တိုးမြှင့်လုပ်ဆောင်နေ

ကချင်ပြည်နယ် ကျောက်စိမ်းတွင်းတွေရှိတဲ့ ဖားကန့်မြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုနဲ့ ဒုစရိုက်မှုများလာတာကြောင့် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းတာတွေ တိုးမြင့်ဆောင်ရွက်နေတယ် လို့ အာဏာပိုင်တွေက RFA ကိုပြောပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ တစ်ခါသုံး ဆေးထိုးအပ်တွေကို တွေ့ရစဉ် Photo: Kan Thar/RFA

ကချင်ပြည်နယ် ကျောက်စိမ်းတွင်းတွေရှိတဲ့ ဖားကန့်မြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုနဲ့ ဒုစရိုက်မှု များလာတာကြောင့် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းတာတွေ တိုးမြင့်ဆောင်ရွက်နေတယ်လို့ အာဏာပိုင်တွေက RFA ကိုပြောပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတဲ့နေရာတွေမှာ လူသတ်မှုအပြင် အုပ်စုဖွဲ့ ဒုစရိုက်မူမျိုးစုံဖြစ်နေတာကြောင့် အခုရက်ပိုင်းအတွင်း ဖမ်းဆီးနှိမ်နင်းတာတွေ လုပ်နေတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ဒီကနေ့ ပြောပါတယ်။

"လူသတ်မှုကျူးလွန်တဲ့သူကလည်း အဲဒီနားက တဲစုကို အခြေခံပြီးတော့ပဲ လူသတ်မှုကျူးလွန်တယ်လို့ပဲ သုံးသပ်လို့ရတယ်။ နောက် အဲဒီတဲကိုသွားရင်းနဲ့ပဲ အသတ်ခံရတာလို့ ယူဆလို့ရတာပေါ့နော်။ အဲဒါကြောင့် အဲဒီကျူးကျော်တဲစုက ရှိလို့ကို မသင့်တဲ့အတွက် ကျနော်တို့က အခုလိုမျိုး ထိထိရောက်ရောက်ရှင်းလိုက်ရတဲ့ သဘောပါ။ အဓိကတော့ မှော်တွေ၊ မြေစာပုံတွေ အဲဒီလို အစွန်အဖျားလိုနေရာမျိုးမှာ လုံးဝကို မူးယစ်ဆေး စွဲနေတဲ့သူမျိုးတွေ စုဖွဲ့နေတဲ့နေရာက လုံးခင်းဘက်ရှိတယ်။ ဆိပ်မူဘက်လည်းရှိတယ်"

အခုကာလအတွင်း ညပိုင်းတွေမှာ လှည့်ကင်းတွေနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းတာအပါအဝင် ဥပဒေစိုးမိုးရေးတွေကို ဆောင်ရွက်နေသလို စာသင်ကျောင်းတွေမှာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အသိပညာပေးဆွေးနွေမှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဖားကန့် အပါအဝင်၊ မိုးညှင်း၊ မိုးကောင်း၊ တနိုင်း၊ မြစ်ကြီးနား စတဲ့ ကချင်ပြည်နယ်က မြို့နယ်အားလုံးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေဟာ အများအပြားရှိလာတာကြောင့် အစိုးရက မူးယစ်ဆေးဝါးအန္တရာယ်တွေကို ကာကွယ်တားဆီးပေးဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org