ကချင်ဒေသစစ်ပွဲ လူ့အခွင့်အရေး ချိုးဖောက်မှုရှိ

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကို မြန်မာအစိုးရတပ်တွေ ထိုးစစ်ဆင်နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေကြောင်း၊ အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က အစီရင်ခံစာတစ်စောင် ထုတ်ပြန် စွပ်စွဲလိုက်ပါတယ်။

၂၀၁၂ ခုနှစ် မတ်လ ၂၀ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ HRW အာရှရေးရာ ဒုတိယအကြီးအကဲ မစ္စတာ Phil Robertson ရှင်းလင်းပြောကြားနေစဉ်။ RFA

ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ HRW အာရှရေးရာ ဒုတိယအကြီးအကဲ မစ္စတာ Phil Robertson က-

"ကချင်ဒေသက စစ်ပွဲတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာအစိုးရက အများစု ချိုးဖောက်နေတာ ဖြစ်သလို ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေကလည်း ကျူးလွန်နေပါတယ်။

HRW ကိုယ်စားလှယ်တွေက ကချင်ဒေသကို ၂ ကြိမ် သွားရောက်ခဲ့ပြီး ထွက်ပြေးလာကြသူ ဒေသခံကျေးရွာသားတွေကို မေးမြန်းထားတယ်"လို့ ပြောသွားပါတယ်။

"ကချင်ပြည်နယ်က စစ်ပွဲတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုများနဲ့ အဓမ္မ ရွှေ့ပြောင်းခံရမှုများ” လို့ အမည်ပေးထားတဲ့ စာမျက်နှာ (၃၈) မျက်နှာပါ HRW ရဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကချင်ဒေသခံ (၇) သောင်း (၅) ထောင်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရဟာ ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့မှုတွေကို တားမြစ်နေတာရှိပြီး၊ ကုလသမဂ္ဂက ပေးအပ်တဲ့ အကူအညီကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက တစ်ကြိမ်သာ ခွင့်ပြုခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာ အစိုးရတပ်တွေဟာ ဒေသခံတွေကို ကချင်စစ်သားအဖြစ် စွပ်စွဲပြီး ညှဉ်းပန်းနှိပ်စက်တာတွေ၊ အသက် ၇ဝ ကျော် သက်ကြီးရွယ်အိုပါ မကျန် ပေါ်တာအဖြစ် ခိုင်းစေတာတွေ၊ ကချင်အမျိုးသမီးတွေကို မြန်မာစစ်တပ် အရာရှိတွေက အခြေစိုက်စခန်းတွေမှာ အဓမ္မပြုကျင့်တာတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကချင်လွတ်မြောက်ရေးအဖွဲ့တပ်တွေမှာ ကလေးစစ်သား အသုံးပြုတာတွေ ရှိနေသလို ရှေ့တန်းစစ်မျက်နှာတွေမှာ မိုင်းထောင်တာတွေလည်း ရှိတဲ့အတွက် ဒေသခံတွေကို အန္တရာယ်ဖြစ်စေတယ်လို့ ဆိုပါတယ်။

စားနပ်ရိက္ခာ ပြတ်လပ်တဲ့အတွက် မူလနေထိုင်ရာ ကျေးရွာတွေကို ပြန်ပြီး စားစရာရှာဖွေကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာလည်း မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်တာကို ခံနေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org