စစ်တပ်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်

သြဂုတ် ၃ ရက် မနေ့က (ကရင်နီ) ကယားပြည်နယ် ဘောလခဲနဲ့ ဖရူဆိုမြို့ အကြားက ထားလဲနဲ့ မားခရော်ရှေ့ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF တို့ တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၁ ဦးကျဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: Federal Defence Fund Committee - FDFC

သြဂုတ် ၃ ရက် မနေ့က (ကရင်နီ) ကယားပြည်နယ် ဘောလခဲနဲ့ ဖရူဆိုမြို့အကြားက ထားလဲနဲ့ မားခရော်ရှေ့ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF တို့ တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၁ ဦးကျဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ကရင်နီတပ်မတော် (KA) လို့လည်းခေါ်တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တို့ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီက တပ်မ ၆၆ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာလို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၁ ဦးဒယ်နီယာယ်က ပြောပါတယ်။

''ဒီတပ်မ ၆၆ က ဒေသခံတပ်ရင်းတွေ မဟုတ်ဘူးလေ။ တပ်မ ၆၆ ဝင်လာပြီဆိုကတည်းက စစ်ဆင်ရေး စလုပ်တာပဲ။ ဆိုတော့ သူတို့ရောက်တဲ့နေရာမှာက တိုက်ပွဲဖြစ်မှာပဲ။ ဥပမာ သူတို့ တောတွေလိုက် နင်းတယ်။ နောက်ပြီး KNDF တွေကို လိုက်ပတ်မွှေနေရင်တော့ တိုက်ပွဲဖြစ်ဖို့တော့ များလိမ့်မယ်''

တိုက်ပွဲကြောင့် ကျေးရွာ ၆ ရွာက ဒေသခံ ၃ ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

''တိုက်ပွဲဖြစ်တဲ့အချိန်က မနက်ပိုင်းက မိုးလည်းတအားသည်းနေတဲ့ အချိန်ပေါ့နော။ အဲလိုဖြစ်တော့ တခြားရွာတွေတော့ ရှောင်တာတော့ မရှိဘူး။ ဒီသာယာကုန်းကတော့ သူတို့အရင်က ရှောင်ခဲ့တဲ့နေရာ တွေရှိတယ်။ အဲနေရာမှာပဲ ရှောင်ကြတယ်။ နောက် ဖရူဆိုမြို့နယ် တော်ခူကျေးရွာမှာတော့ တခြား ဘက်ကို ရှောင်နေကြတာတွေရှိတယ်။ လောလောဆယ် နီးစပ်ရာနေရာတွေမှာပဲ ရှောင်နေကြတာရှိတယ်။ တအားဝေးတဲ့ နေရာတော့ရှောင်တာတွေ မရှိသေးဘူး''

ကယားပြည်နယ်အတွင်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မေလအတွင်း မြို့ပြတိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ခဲ့ရာမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေပြီဖြစ်တယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။ အဲဒီထဲက တစ်ထောင်ကျော်က ထိုင်းနယ်စပ် KNPP ထိန်းချုပ် နယ်မြေ စစ်ရှောင်စခန်းမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

“အခုက သူတို့ ရွာမပြန်ရဲသေးဘူး။ လူကြီးတွေက ခဏတဖြုတ်ရွာပြန်ပြီး တိရစ္ဆာန်တွေ၊ ခြံတွေ ကြည့်တာတော့ရှိတယ်"

ကရင်ပြည်နယ် ဖာပွန် (မူတရော်) ခရိုင်မှာလည်း စစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်တို့လည်း နေ့စဉ်နီးပါး အပြန်အလှန် ပစ်ခတ်မှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း KNU ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်မှာ တိုက်ပွဲဖြစ်ပွားမှု ၁၃၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဒုတိယဗိုလ်မှူးကြီး တစ်ဦး အပါအဝင် ၆၅ ဦးကျဆုံးပြီး ၁၀၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူး စောကလယ်ဒိုက RFA ကို ပြောပါ တယ်။

“KNLA အမှတ် (၅) တပ်မဟာ နယ်မြေအတွင်းမှာ စစ်ကောင်စီကပ်ဖွဲ့တွေက အမြဲတမ်းလှုပ်ရှားနေတယ်။ သူတို့က နယ်မြေစိုးမိုးရေး လှုပ်ရှားမှုတွေ အဆက်မပြတ် ရှိနေတဲ့အပေါ်မှာ KNLA အမှတ် (၅) တပ်မဟာ တပ်ဖွဲ့တွေကလည်း သူတို့ရဲ့ဒေသကို ကာကွယ်တဲ့ အနေနဲ့ရော ပြည်သူလူထုကို ကာကွယ်တဲ့အနေနဲ့ရော တစ်ဖက်နဲ့ တစ်ဖက် ထိတွေ့မှုတွေ နေ့တိုင်းလိုလို ဖြစ်နေတာပေါ့။ တစ်နေ့တည်းမှာပဲ ၃ နေရာ၊ ၄ နေရာ အဲလိုမျိုးဖြစ်တဲ့ အနေအထားမှာ တစ်လအတွင်းမှာ အခုလိုမျိုး ဖြစ်သွားတာ”

ကရင်ပြည်နယ်မှာ စစ်တပ်နဲ့ KNLA တပ်တွေအကြား မေလ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ၃ လ အတွင်း တိုက်ပွဲပေါင်း ၅၈၀ အထိဖြစ်ပေါ်ခဲ့ပြီး စစ်တပ်ဘက်က ၃၄၉ ဦး ကျဆုံးခဲ့ပေမယ့် KNLA ဘက်က ၁၀ ဦး ဝန်းကျင်သာ ကျဆုံးခဲ့တယ်လို့ ဒုတိယဗိုလ်မှူး စောကလယ်ဒိုက ပြောပါတယ်။

အခုလို KNU ဘက်က အကျအဆုံးနည်းတာဟာ နယ်မြေကျွမ်းကျင်မှုနဲ့ ပြောက်ကျားနည်းစနစ် အသုံးပြုမှုကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၇၀၀၀၀ ဝန်းကျင်ရှိပြီး KNLA ထိန်းချုပ် နယ်မြေနဲ့ ထိုင်း-မြန်မာနယ်စပ်တွေမှာ ခိုလုံနေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ နောက်ထပ် လည်း ဒုက္ခသည်အရေအတွက် တိုးလာနိုင်ခြေရှိနေတာကြောင့် စားနပ်ရိက္ခာနဲ့ နေရာအခက်အခဲတွေရှိနေ တယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နော်ဝါခူရှီးက ပြောပါတယ်။

“အခုက သူတို့ ရွာမပြန်ရဲသေးဘူး။ လူကြီးတွေက ခဏတဖြုတ်ရွာပြန်ပြီး တိရစ္ဆာန်တွေ၊ ခြံတွေ ကြည့်တာတော့ရှိတယ်။ ကလေးတွေကတော့ တောထဲမှာပဲ။ မိုးရာသီဆိုတော့ ခက်ခဲတယ်။ အခုက လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတယ်။ အထူးသဖြင့်တော့ သူတို့ လိုအပ်ချက်ကတော့ အစား အစာတွေ၊ အဆောက်အဦတွေ နဲ့ လုံခြုံရေးတွေပေါ့”

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ သြဂုတ် ၃ ရက်မနေ့ည ၆ နာရီကနေ ဒီကနေ့မနက် ၂ နာရီ လောက်အထိ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်နဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံအရပ်သားတွေက ပြောပါတယ်။

စစ်တပ်နဲ့ KIA အကြား ဇူလိုင် ၃၀ ရက်က ဖြစ်ပွားခဲ့တဲ့ ဝိုင်းမော်တိုက်ပွဲနောက်ပိုင်း လဘန်နဲ့ မဒိန်ကျေးရွာ တွေက ဒေသခံတွေဟာ ညဘက်ဆိုရင် နေအိမ်တွေမှာ မအိပ်ကြတော့ဘဲ ဗုံးခိုကျင်းတွေနဲ့ ယာခင်းတွေထဲက တဲတွေမှာ သွားရောက်အိပ်စက်နေကြတာပါ။

(ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြားရှိ နန်းဖဲကျေးရွာက ဆိုင်အတွင်းရှိ ပစ္စည်းတွေ ပျက်စီးနေတာကို ၂၀၂၁ ဩဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ် - Photo: CJ)

ဒါကြောင့် မနေ့ညက လက်နက်ကြီးကျည်တွေ မဒိန်နဲ့ လဘန်ရွာတွေထဲ ကျရောက်ပေါက်ကွဲတဲ့အခါ အရပ်သားတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ ဒေသခံ မဇင်မာအေးက ပြောပါတယ်။

“မနေ့ညနေ ခြောက်နာရီပိုင်းကနေ မနက် ၃ နာရီ၊ ၄ နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချိန်ပြည့် တိုက်နေတာ။ လက်နက်ငယ်က နည်းနည်းပဲတိုက်ပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ် ခတ်တယ်။ နောက် ဟက်စကီးတွေလည်း ပျံသန်းနေတယ်။ ဝက်တွေနဲ့ အိမ်တွေတော့ ထိခိုက်ကြတယ်။ လူကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး”

၈ နာရီလောက်ကြာတဲ့ ပစ်ခတ်မှုတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပါဝင်ပတ်သက်ခဲ့ခြင်း မရှိဘဲ ဝိုင်းမော်အခြေစိုက် ခလရ (၅၈)က တစ်ဖက်သတ် ခြောက်လန့်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

“မနေ့ညက ဝိုင်းမော် ၅၈ တပ်ရင်းဘက်မှာဖြစ်တဲ့တိုက်ပွဲက ကျွန်တော်တို့ KIA နဲ့ဖြစ်တာတော့ မဟုတ်ဘူး။ ပြည်သူလူထုက ပေးပို့တဲ့အသံဖိုင်တွေကို နားထောင်ကြည့်တဲ့အခါ စစ်ကောင်စီဘက်က သေနတ်သံတွေကိုပဲ ကျွန်တေ်ာတို့ ကြားရပါတယ်။ တုံ့ပြန်တဲ့အသံလည်း မကြားရပါဘူး။ အကြောက် လွန်၊ သတိလွန်လို့ စစ်တပ်ဘက်က ရမ်းပြီးပစ်တာကနေ တိုက်ပွဲပုံစံဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်”

ဝိုင်းမော်ပစ်ခတ်မှုတွေနောက် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်ကိုလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး လိုင်ဇာအနီးဝင်းကျင်မှာ သုံးလုံးလောက် ပေါက်ကွဲခဲ့သလို တရုတ်ပြည်ဘက်မှာလည်း နှစ်လုံး လောက် ကျရောက်ခဲ့တယ်လို့ ကြားသိရပေမယ့် လူထိခိုက်ဒဏ်ရာရရှိတာ မရှိခဲ့ဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ကချင်၊ ကရင်နဲ့ ကယား ပြည်နယ်တွေထဲ စစ်ကောင်စီနဲ့ ထိတွေ့ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုရရှိဖို့ RFA က စစ်ကောင်စီ ပြန်ကြားရေးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်က စလို့ အကြမ်းဖက်မှု၊ တိုက်ပွဲနဲ့ လုံခြုံရေးအရ နယ်မြေမတည်ငြိမ်မှုတွေကြောင့် အရပ်သားပြည်သူ (၁၇၀၂၀၀) တစ်သိန်းခုနှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ယာယီစခန်းတွေမှာ နေထိုင်နေရဆဲဖြစ်ကာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ UNOCHA က ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org