ဖားကန့်မြို့နယ်က စစ်ကောင်စီအတွက် အရေးပါတဲ့ ဆိုင်းတောင်ရွာကို KIA ထိန်းချုပ်
ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်နိုင်ခဲ့ပြီး ရွာကို ထိန်းချုပ်ထားနိုင်ပြီလို့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။
-
RFA Burmese
2024-10-08 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၈ ရက် ဒီနေ့မနက်ပိုင်းက အပြီးသတ် တိုက်ခိုက်နိုင်ခဲ့ပြီး ရွာကို ထိန်းချုပ်ထားနိုင်ပြီလို့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၂ ဦးကို ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ KIA သတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။
“ဆိုင်းတောင်က အားလုံးရပါပြီ။ ဒီနေ့မနက် အပြီးသိမ်းလိုက်တာ။ စစ်ကောင်စီ စစ်သား ၂၂ ယောက်နဲ့ လက်နက်တွေပါ သိမ်းရတယ်။ KTV က ကောင်မလေး လေးယောက်ကိုလည်း ပြန်ရတယ်။ ကျန်တာတော့ မသိသေးဘူး”
စစ်ကောင်စီတပ်သားတွေ ဟိုတယ်ကနေ ဆုတ်ခွာထွက်ပြေးစဥ် ပစ်ခတ်တိုက်ခိုက်မှုမှာ သေဆုံးတဲ့ စစ်ကောင်စီ တပ်သားတွေလည်း ရှိနေပြီး သေဆုံးထိခိုက်တဲ့ အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဖားကန့် ဒေသခံတစ်ဦးကလည်း ဒီနေ့မနက်မှာ ဆိုင်းတောင်ရွာက စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို KIA အပြီးသတ် သိမ်းပိုက်လိုက်နိုင်ကြောင်းနဲ့ စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေ များပြားကြောင်း သိထားတယ်လို့ ပြောပါတယ်။
ဆိုင်းတောင်ရွာဟာ ဖားကန့်မြို့နဲ့ ခြောက်မိုင်အကွာမှာရှိပြီး စစ်ကောင်စီနဲ့ KIA နှစ်ဖက်စလုံးအတွက် စစ်ရေး၊ စီပွားရေးအတွက် အရေးပါသလို ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေလည်း အခြေချနေထိုင်တဲ့ ရွာကြီးတစ်ရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီး နော်ဘူကတော့ သိမ်းပိုက်နိုင်လိုက်တဲ့သတင်းတွေ ကြားရပေမဲ့ အတည်ပြုချက် မရောက်လာသေးဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာ Lucky Man ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ စက်တင်ဘာ ၇ ရက်နေ့ကစလို့ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သား သုံးဆယ်ကျော် သေဆုံးခဲ့သလို အဲဒီရွာက နေအိမ် လေးရာကျော်လည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နဲ့ အနီးတစ်ဝိုက်မှာ စစ်ကောင်စီ တပ်စခန်းပေါင်း ၂၆ ခုခန့် ရှိတဲ့အထဲက တပ်စခန်းအများစုကို KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းယူထားပြီး မြို့ပေါ်က ဗျူဟာကုန်း၊ ကံဆီး ဗျူဟာ၊ တန်းကောင်တောင် တပ်စခန်း၊ ဖားကန့် ရဲစခန်း၊ လယ်ပြင် ယမ်းချက်စက်ရုံနဲ့ လုံးခင်းမျောက်ကုန်း စတဲ့တပ်စခန်းတွေကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပါတယ်။