ကချင်စစ်ပြေးဒုက္ခသည်တွေ ကူညီဖို NDF ပါတီ ကြိုးပမ်း

NDF အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီက ကချင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည်တွေကို ကူညီသွားဖို့ ရည်ရွယ်ချက်နဲ့ မြစ်ကြီးနားမြို့မှာ NDF ပါတီ ကချင်ပြည်နယ်ရုံးချုပ်ကို မနေ့က ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။ Kachin News Group

အလားတူ နောက်ထပ် ရုံးခွဲတခုကို မကြာခင် ဖားကန့်မြို့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဒုက္ခသည်တွေကို ကူညီသွားနိုင်ရေးအတွက် ငွေကြေးနဲ့ လုပ်အားအကူအညီတွေ ရအောင် ကြိုးစားသွားမယ်လို့ တာဝန်ယူ ဆောင်ရွက်နေတဲ့ NDF ခေါင်းဆောင်တဦး ဖြစ်သူ ဒေါ်ဘောက်ဂျာက အာအက်ဖ်အေကို ပြောပါတယ်။

“ဒုက္ခသည်တွေကူညီဖို့လည်း စီစဉ်ထားတာပါ။ ကြေလည်း ကြေညာထားတယ်၊ ဒါပေမယ့် ဆက်လုပ်ဖို့က ငွေရေးကြေးရေးလည်း လိုအပ်သေးတယ်လေ။ အဲဒါကြောင့် ကျမတို့ကလည်း တတ်နိုင်တဲ့ဘက်ကနေ ရှာကြံပြီး ကူညီသွားမယ်ဆိုတာ သူတို့ကို အသိပေးထားပါတယ်”

ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်တွေကို မကူညီရဆိုပြီး ဒေသခံ အာဏာပိုင်တွေက ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ လူမှု အဖွဲ့အစည်းတွေကို တားမြစ်ထားပေမယ့် NDF ပါတီကတော့ အစိုးရကို တရားဝင် အကြောင်းကြားပြီး စတင် ဆောင်ရွက်တာလို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“အစိုးရက ခွင့်ပြုတယ် မပြုဘူး ဆိုတာထက် ကျမတို့ရဲ့ မူဝါဒထဲမှာ ပါပြီးသားလေ။ NGO တွေကို ကျတော့ မကူညီခိုင်းဘူးဆိုတာတော့ ပြောတယ်။ ဒါပေမယ့် ကျမတို့က NGO လည်း မဟုတ်ဘူး၊ ပြီးတော့ တရားဝင်ပါတီ ဖြစ်တဲ့အတွက် ပြည်သူတွေ၊ ဒုက္ခရောက်တဲ့လူတွေကိုတော့ ကျမတို့က ကူညီရမှာပဲလေ”

NDF ကချင်ပြည်နယ်ရုံးချုပ် ဖွင့်ပွဲအခမ်းအနားကို တစည၊ ဒေသခံ အာဏာပိုင်တချို့၊ ကျားဖြူပါတီ စတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရတပ်တွေနဲ့ ကချင် လွတ်မြောက်ရေးတပ်တွေ အကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်တာကြောင့် တရုတ်- မြန်မာနယ်စပ်နဲ့ ပြည်တွင်းမှာ ထွက်ပြေးတိမ်းရှောင်နေသူ စစ်ပြေးဒုက္ခသည် တသောင်းကျော် ရှိနေပြီလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org