ပန်ဝါမြို့မှာ မြေပြိုပြီး လူ ရှစ်ဦးပျောက်ဆုံးနေ

ပန်ဝါမြို့ပေါ် နဲ့ ပန်ဝါမြို့နဲ့ သုံးမိုင်လောက်ဝေတဲ့ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်ခုမှာ ဇူလိုင် ၁ ရက်နေ့က မြေပြိုခဲ့တာပါ။

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့ မြေရှားသတ္တု လုပ်ကွက်တစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့သည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်။ Citizen Video/Screenshot

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့ပေါ် နဲ့ ပန်ဝါမြို့နဲ့ သုံးမိုင်လောက်ဝေတဲ့ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်ခုမှာ ဇူလိုင် ၁ ရက် ဒီနေ့ မြေပြိုမှုဖြစ်ပွားပြီး လူရှစ်ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ညနေက ပြောပါတယ်။

မြို့ပေါ်က မြေပြိုမှုအတွင်း ကျေးဇူးတော်ကားဝပ့်ရှော့ရှေ့မှာ အခန်းငှားနေတဲ့သူတွေ ပါသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ကျေးဇူးတော်ကားဝပ့်ရှောပ့်ရှေ့ အခန်းငှားနေတဲ့သူတွေဟုတ်တယ်။ အခန်းအပေါ်ဘက်မှာက တရုတ်တွေရဲ့ ခုနှစ်ထပ်ရှိတဲ့မျှော်စင် ရှိတယ်။ အဲတောင်ဘက်က မြေပြိုလာတာ။ အလောင်းက အခုထိမရသေးဘူး။ အားလုံးက ရှစ်ယောက်။ တိုက်ပုအိမ်တွေမှာ ငှားနေတဲ့သူတွေက လွတ်လာတယ်ပြောတယ်”

မြေပြိုတဲ့နေရာကို ပြည်သူ့စစ်တွေ လုံခြုံရေးယူထားပြီး ပြည်သူတွေကို သွားကြည့်ခွင့်မပေးဘူးလို့လည်း ပြောပါတယ်။

အခုပျောက်ဆုံးနေသူဟာ ဒေသအသီးသီးက အလုပ်လာလုပ်တဲ့သူတွေဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်တယ် လို့ ဆိုပါတယ်။ ဒါပေမဲ့ ပျောက်ဆုံးနေသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရ သေးပါဘူး။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

ပန်ဝါမြို့နဲ့ သုံးမိုင်ခန့်အကွာ မြန်မာ-တရုတ်နယ်စပ်အနီးက ပါထိုင်ဟော်ဆိုတဲ့ မြေရှားသတ္တုလုပ်ကွက်တစ်ခု ဒီနေ့ ဒုတိယအကြိမ်မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။ အခုမြေပြိုတဲ့နေရာဟာ ဇွန်လ ၁၉ ရက်နေ့က မြေပြိုမှုဖြစ်ပွားခဲ့ရာမှာ လူပေါင်း ၃၀ ကျော် သေဆုံးခဲ့တဲ့ လုပ်ကွက်လည်းဖြစ်ပါတယ်။

ပန်ဝါဒေသမှာ မိုးဆက်တိုက်ရွာသွန်းပြီး နေရာအနံ့မြေပြိုမှုဖြစ်ပွားနေတဲ့အတွက် မြေရှားသတ္တု လုပ်ကွက် တော်တော် များများကိုလည်း ရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပန်ဝါမြို့နဲ့ အနီးတစ်ဝိုက်က မြေရှားသတ္တုလုပ်ကွက်တွေမှာ မြေပြိုမှုတွေ ခပ်စိပ်စိပ်ဖြစ်နေပြီး ပြီးခဲ့တဲ့ မေ ၂၇ ကနေ ဇူလိုင် ၁ ရက် ဒီနေ့ထိ မြေပြိုမှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ရာမှာ သေဆုံးသူ ၆၀ ဝန်းကျင်အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org