မူးယစ်ဆေးရောင်းသူတွေထံက ငွေတောင်းတယ်လို့ သံသယရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခမှော်ရွာက မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ကျော်စောသူ ၂ ဦးကို သွားရောက်ရှာဖွေခဲ့ပြီး အဲဒီလူတွေထံကနေ ငွေကျပ်သိန်း ၃ ရာကျော်တောင်းဆိုခဲ့ကြောင်း သံသယရှိနေသူ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို စစ်ဆေးဆောင်ရွက်မှုတွေ လုပ်နေပါတယ်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ မှုခင်းအသိပေး ရွေ့လျားစာကြည့်တိုက် ကားကို မြစ်ကြီးနားမြို့မှာတွေ့ရစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခမှော်ရွာက မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ကျော်စောသူ ၂ ဦးကို သွားရောက်ရှာဖွေခဲ့ပြီး အဲဒီလူတွေထံကနေ ငွေကျပ်သိန်း  ၃ ရာကျော်တောင်းဆိုခဲ့ကြောင်း သံသယရှိနေသူ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို စစ်ဆေးဆောင်ရွက်မှုတွေ လုပ်နေပါတယ်။

အဲဒီရဲတပ်ဖွဲ့ဝင်တွေကို ရဲစည်းကမ်းထိန်းသိမ်းရေးအရ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး စုံခုံဖွဲ့ စစ်ဆေးနေတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ဒီကနေ့ ပြောပါတယ်။

"ရောင်းဝယ်တယ်လို့ သတင်းရတဲ့ အိမ်တွေကို သွားစစ်တာပေါ့နော။ ကျော်စောသတင်းရှိတဲ့အိမ်တွေ။ ကျနော်တို့ကတော့ အကြမ်းဖျဉ်းပဲ သိရတာပေါ့နော်။ ငွေကြေးတောင်းခံတယ်လို့ ကြားသိရတာပေါ့နော်။ ဒါပေမဲ့ အဲဒီငွေကိုတော့ မယူသွားဘူး။ ပြန်ပေးထားတယ် ပြောတယ်။ အဲဒီအမှုကို ကျူးလွန်တယ်လို့ ယူဆရသူတွေကို တော့ ထိန်းသိမ်းထားပြီးတော့ စုံစမ်းစစ်ဆေးရေး လုပ်နေတယ်။ သူတို့က သံသယတရားခံဆိုတော့ နာမည်က တော့ ထုတ်ပြောရင်တော့ လွဲချော်ခဲ့ရင် သူတို့အတွက် မကောင်းဘူးထင်တယ်။ အရာရှိတော့ ပါပါတယ်"

ငွေတောင်းပြီးတဲ့နောက် အဲဒီ ရဲတပ်ဖွဲ့ဝင်တွေက ငွေတွေကို သက်ဆိုင်ရာ ရာအိမ်မှူးကနေတဆင့် မူးယစ်ကျော်စော သတင်းရှိသူတွေထံ ပြန်လည်ပေးအပ်လိုက်တယ်လို့လည်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောဆိုပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်တယ်လို့ ကျော်စောသတင်းကြီးနေတဲ့လူ ၂ ယောက် ထဲက ၁ ယောက်ဟာ တိမ်းရှောင်နေပြီး ကျန် ၁ ယောက်ကိုတော့ လိုအပ်တဲ့စစ်ဆေးဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

စစ်ဆေးခံနေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဖားကန့်မြို့မ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိအပါအဝင်  ၃ ယောက်ဖြစ်ပြီး၊ ပြစ်မှုထင်ရှားရင် ဥပဒေအရ အရေယူခံရမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org