ကချင် စစ်ဘေးဒုက္ခသည်အတွက် လန်ဒန်မြို့မှာ ရန်ပုံငွေရှာပွဲ ကျင်းပ
ကချင်ပြည်နယ်တွင်းက စစ်ဘေး ဒုက္ခသည်တွေကို ထောက်ပံ့ ကူညီဖို့အတွက် ဗြိတိန်နိုင်ငံရောက် ကချင် တိုင်းရင်းသားတွေက ရန်ပုံငွေရှာပွဲတစ်ရပ် မနေ့ ညပိုင်းက လန်ဒန်မြို့မှာ ကျင်းပခဲ့ပါတယ်။
-
2012-07-07 -
-
-
ရိုးရာ အစားအစာ ရောင်းချပြီး ရန်ပုံငွေ ရှာခဲ့ကြတာပါ။ ဒီပွဲ တက်ရောက်သူတွေကို လက်ရှိ ကချင်ပြည်နယ်တွင်း စစ်ဘေး ဒုက္ခသည်တွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ အခြေအနေကို ရှင်းပြသလို လက်တလော ကချင်ပြည်နယ်ရဲ့ အခြေအနေကို ထင်ဟပ်ဖော်ပြတဲ့ ဓာတ်ပုံ အထောက်အထားတွေကိုလည်း ပြသထားပါတယ်။
ရန်ပုံငွေရှာပွဲနဲ့ ပတ်သက်ပြီး KNO ကချင်အမျိုးသားအစည်းအရုံး UK ရဲ့ ဒုတိယ ဥက္ကဋ္ဌ Ring Du Lachyung (ring ဒူလ ဂျုံ) က အခုလို ပြောပြပါတယ်။
"အခု လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်လောက်မှာ ကျွန်တော်တို့ Kachin National Organization က သွားလိုက်တဲ့ ဓာတ်ပုံတွေအရ Refugee ကိစ္စတွေရော၊ လက်ရှိပေါ့၊ IPP တွေရဲ့ အခြေအနေတွေကို ကျွန်တော်တို့က ပြောပြတယ်"
လန်ဒန်ရောက် KNO ကချင်အမျိုးသား အစည်းအရုံး အဖွဲ့ဝင်တချို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ် မြန်မာ နယ်စပ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေကို သွားရောက် ကူညီခဲ့ ကြပါတယ်။ အဲဒီကနေ ပြန်ရောက် လာခဲ့သူတွေ အဓိကထား ရှင်းပြတာကတော့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ လက်ရှိ ဆေးဝါးမလုံလောက်ဘဲ အခုလို မိုးတွင်းကာလမျိုးမှာ ရေသန့်မရရှိတာကြောင့် ဝဲ၊ ယားနာရောဂါနဲ့ ငှက်ဖျားရောဂါတွေ အဖြစ်များနေကြောင်း ပြောဆိုကြပါတယ်။
အခု ရန်ပုံငွေပွဲကရတဲ့ ငွေကြေးတွေကို တရုတ် မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည် စခန်းတွေကို တိုက်ရိုက် ပေးပို့ လှူဒါန်းသွားမယ့်အကြောင်း KNO ကချင်အမျိုးသား အစည်းအရုံး UK ဒု ဥက္ကဋ္ဌ က ပြောပါတယ်။