ကချင်ဒုက္ခသည်တွေ အကူအညီပိုမိုလိုအပ်

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် စခန်း (၆) ကို သွားရောက် ကူညီခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံအနီးမှာရှိတဲ့ အဲဒီကွန်ရက်အဖွဲ့ရဲ့ ရုံးခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်က ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ RFA

ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဟာ One More၊ နှောင်ကြိုးမဲ့ ကွန်ရက်၊ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း စတဲ့ ကူညီရေး အဖွဲ့အစည်း (၆) ခုကို ဦးဆောင်ပြီး ဇူလိုင်လ (၄) ရက်နေ့ကနေ (၁၂) ရက်နေ့အထိ KIO ထိန်းချုပ်နယ်မြေမှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

မိုးတွင်းကာလ ဖြစ်တာမို့ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ ပိုမိုဆိုးဝါးပြီး အကူအညီ လိုအပ်ချက်တွေ ပိုများပြားလာတယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းက ပြောပါတယ်။

ဒုက္ခသည်စခန်းတွေမှာ အစာရေစာ မလုံလောက်တဲ့အတွက် သွေးအားနည်းရောဂါ၊ အူရောင်ငန်းဖျား ရောဂါနဲ့ ဝမ်းရောဂါ ဖြစ်ပွားမှုရှိပြီး ကလေးငယ်တွေအတွက် ပညာသင်ကြားရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေ အင်မတန် လိုအပ်နေတယ်လို့လည်း ဦးမရန်ဂျော်ဂွန်းက ပြောပါတယ်။

ဒါ့ပြင် အစိုးရ ထိန်းချုပ်နယ်မြေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေထက် အခြေအနေ ပိုမိုဆိုးဝါးပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေအနေနဲ့ အဲဒီစခန်းတွေကို သွားရောက်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့က ဦးဆောင် သွားရောက်ခဲ့တဲ့ ဒုက္ခသည်စခန်း (၆) ခုကတော့ ဖုံလုံရန်၊ ဂျေရန်၊ ဝိုင်ကြိုင်၊ အင်ခေါင်းပါ၊ ပါကထောင်၊ လာယိန်းတို့ ဖြစ်ပြီး၊ အဲဒီ စခန်းတွေမှာ ဒုက္ခသည်စုစုပေါင်း (၂) သောင်း ကျော် ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org