ကဆုန့်ကျေးရွာက စစ်ဘေးတိမ်းရှောင်သူ ၆၀၀ ကျော်ရှိ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ ကဆုန့်ကျးရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေ တပ်ရင်း ၁၁ တို့ မနေ့ကစတင်ပြီး တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံ ၆၀၀ ကျော်ဟာ ကျေးရွာနဲ့ ၁၁ မိုင်ခန့်ဝေးတဲ့ နမ္မတီးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
-
2017-08-12 -
-
-
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ ကဆုန့်ကျးရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ မနေ့ကစတင်ပြီး တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံ ၆၀၀ ကျော်ဟာ ကျေးရွာနဲ့ ၁၁ မိုင်ခန့်ဝေးတဲ့ နမ္မတီးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို နမ္မတီးနဲ့ မိုးကောင်းမြို့ပေါ်က ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က တာဝန်ရှိသူတွေ က သွားရောက်ခေါ်ယူခဲ့တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကပြောပါတယ်။
"သူတို့က ကိုယ်တစ်ခု အဝတ်တစ်ခုနဲ့ပဲ ပြေးလာရတာပေါ့။ တဝက်နီးပါးလောက်မှာ သွားကြိုကြတယ်။ အသင်းတော်က ကားတွေနဲ့ပေါ့။ အဲဒီ မိုးကောင်းတို့ နမ္မတီးတို့ အသင်းတော်က လေးငါးပါးက ကားတွေက သူတို့ကိုကြိုပြီးမှ နမ္မတီးကို ခေါ်ခဲ့တာပေါ့"
ကဆုတ်ကျေးရွာမှာ အရင်က ကေအိုင်အေ တပ်ရင်း ၁၁ သာရှိပြီး တပ်မတော်ဘက်က ထိုးစစ်ဆင် တိုက်ခိုက် တာဖြစ်ကြောင်းနဲ့ အရင်က အဲဒီနေရာမှာ တိုက်ပွဲဖြစ်ပွားလေ့မရှိဘူးလို့ ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။
လက်ရှိမှာ နမ္မတီးမြို့ပေါ်က ကက်သလစ်ကျောင်းမှာ စစ်ရှောင် ၁၀၀ ခန့်နဲ့ နမ္မတီးလမ်းခွက ကချင်နှစ်ခြင်း ဘုရားရှိခိုးကျောင်းမှာ စစ်ရှောင် ၅၀၀ ခန့်ရောက်ရှိနေတယ်လို့သိရပါတယ်။
ကဆုတ်ကျေးရွာအနီးမှာ အစိုးရတပ်မတော်က တပ်စခန်းချမယ်ဆိုရင် ဒေသခံတွေက နေရပ်ကို ပြန်ကြမှာ မဟုတ်တဲ့အတွက် ရေရှည်နေထိုင်နိုင်ဖို့ စီစဉ်နေရတယ်လို့လည်း ဒေါက်တာဆမ်ဆွန် ကပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲကြောင့် လူအသေအပျောက်နဲ့ အဖမ်းအဆီးရှိတယ်လို့ သတင်းတွေကြားနေရပေမယ့် အတည်မပြုနိုင်သေးဘူးလို့လည်း ဒေါက်တာဆမ်ဆွန်က ပြောပါတယ်။