ကချင်မှာ လုံခြုံရေး တိုးမြှင့်
မြန်မာနိုင်ငံဒေသတချို့မှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကြောင့် ကချင်ပြည်နယ်အတွင်းက ရဲတပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ကြဖို့ ပြည်နယ်ရဲတပ် ဖွဲ့ရုံးက ညွှန်ကြားထားပါတယ်။
-
2017-09-08 -
-
-
မြန်မာနိုင်ငံဒေသတချို့မှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကြောင့် ကချင်ပြည်နယ် အတွင်းက ရဲတပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ကြဖို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ညွှန်ကြားထားပါ တယ်။
ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ်မူတည်ပြီး လုံခြုံရေးကို အထူးဂရုစိုက်ဆောင်ရွက်ကြဖို့ ရဲတပ်ဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ဒီကနေ့ ပြောပါတယ်။
"လုပ်ရိုးလုပ်စဉ်တော့ မဟုတ်ပါဘူး။ လက်ရှိအခြေအနေမှာတော့ ကျနော်တို့က လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ ညွှန်ကြားထားတာ ရှိပါတယ်။လက်ရှိမှာလည်း မြေပြင်မှာလည်း ဆောင်ရွက်နေကြတာတွေ ရှိပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ့နော်။ အဓိကတော့ လုံခြုံရေးနဲ့ ဆက်စပ်ပြီးတော့ ဘယ်လိုအခြေ အနေပဲ ဖြစ်လာဖြစ်လာပေါ့ဗျာ။ ဘယ်နေရာမှာပဲ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အောက်က တပ်ဖွဲ့ဝင်တွေအားလုံး သိရှိပြီးတော့မှ လုံခြုံရေးကို အလေးထား လိုက်နာဆောင်ရွက်နိုင်အောင် ကျနော်တို့က ညွှန်ကြားချက်တွေ ထုတ်တာတော့ ရှိပါတယ်။ လက်ရှိမှာဆိုရင်တော့လည်း ရခိုင်တို့၊ ရှမ်းမြောက်တို့ ဒီဘက်က ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီးတော့ပဲ ညွှန်ကြားထား တာတွေတော့ ရှိပါတယ်။"
ပြည်နယ်၊ ခရိုင်၊ မြို့နယ် စတဲ့ ရဲတပ်ဖွဲ့ အဆင့်ဆင့်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အင်အားနဲ့ လုံခြုံရေးအခြေအနေတွေကို ပုံမှန်ထက်ကို ပိုပြီး တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်ခံရချိန်ကလည်း ကချင်ပြည်နယ်အတွင်း လုံခြုံရေးတွေကို တင်းကျပ်ခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကစပြီး အကြမ်းဖက်သမားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ ဒေသခံတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အစွန်းရောက်အကြမ်းဖက်သမားများက ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်တာကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေမှာလည်း လုံခြုံရေးအထူးဂရုပြုကြဖို့အတွက် အစိုးရက စက်တင်ဘာ ၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။