ကချင်ပြည်နယ်နေ့ကို ရုံးပိတ်ရက်သတ်မှတ်ဖို့ အဆို ရှုံးနိမ့်


2017.12.01
kachin-state-day-vote-622.jpg ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ကချင်ပြည်နယ်နေ့ကို တရားဝင်ရုံးပိတ်ရက် အဖြစ် ပြဋ္ဌာန်းပေးရေး အဆိုနဲ့ ပတ်သက်ပြီး လျှို့ဝှက်မဲခွဲ ဆုံးဖြတ်နေစဉ်
Photo: Kyaw Myo Mim/RFA

ကချင်ပြည်နယ်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကို နှစ်စဉ် တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရေးအဆို ကို ဒီကနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြရာမှာ ကန့်ကွက်သူများတာကြောင့် အတည်မပြုနိုင်ဘဲ ရှုံးနိမ့်သွားပါတယ်။

အဲဒီအဆိုကို အင်ဂျန်းယန်မြို့နယ် ကိုယ်စားလှယ် ဦးဖော်မိုးနော်က တင်သွင်းခဲ့ပြီး ဝိုင်းမော်မြို့နယ် ကိုယ်စားလှယ် ဦးနော်လီက ထောက်ခံဆွေးနွေးခဲ့တာပါ။

နိုင်ငံအတွင်း ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် သတ်မှတ်ကြေညာမှုတွေဟာ ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့်သာဖြစ် ပြီး ကချင်ပြည်နယ်နေ့ကို ရုံးပိတ်ရက်အဖြစ် အရင်ကတည်းက ကြေညာခဲ့ဖူးခြင်း လုံးဝမရှိကြောင်း ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် က ဖြေကြားခဲ့ပါတယ်။

"ကချင်ပြည်နယ်နေ့ အဖြစ် ဇန်နဝါရီလ ၁၀ ရက်နေ့ကို သတ်မှတ်သော်လည်း ကချင်ပြည်နယ်နေ့အား ရုံးပိတ်ရက်အဖြစ် ယခင်က ကြေညာခဲ့ဖူးခြင်း လုံးဝမရှိပါ။ ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲ ရွှင်ပွဲများကို ကျင်းပခဲ့ခြင်းသာဖြစ်ပါတယ်။ နိုင်ငံတော်တွင် တရားဝင်ရုံးပိတ်ရက် ၂၅ ရက်၊ စနေ တနင်္ဂနွေ ရုံးပိတ်ရက်ပေါင်း ၁၀၅ ရက် ရုံးပိတ်ရက် စုစုပေါင်း ၁၃၀ ရှိပါတယ်။ အခြားပြည်နယ် များဖြစ်တဲ့  ချင်း၊ ရှမ်း၊ ကယား စသည်ဖြင့် မည်သည့်ပြည်နယ်မှ Gazette Holiday  ပြန်တမ်းဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားခြင်းမရှိပါ။"

အဲဒီနေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် ပြဋ္ဌာန်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနော် က ပြန်လည်ဆွေးနွေးခဲ့ပြီး လူမှုရေးဝန်ကြီးက မှတ်တမ်းတင်ထားဖို့ ရှင်းလင်းဖြေကြားတဲ့အပေါ် လက်မခံဘဲ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူခဲ့ရာမှာ ကန့်ကွက်သူများတာကြောင့် အဆိုရှုံးနိမ့်ခဲ့တာပါ။

ဒီကနေ့ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၆ ယောက်မှာ ကန့်ကွက်မဲ ၂၆ မဲ၊ ထောက်ခံမဲ ၁၇၊ ကြားနေမဲ ၂ နဲ့ ပယ်မဲ ၁ ဖြစ်လို့ အဆိုကို လွှတ်တော်မှာ အတည်မပြုကြောင်း ကြေညာခဲ့ပါတယ်။

၁၉၅၁ ခုနှစ် ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေပုဒ်မ ၄ အရ နိုင်ငံအတွင်းရှိ အစိုးရရုံးတွေ အတွက် ရုံးပိတ်ရက်တွေကို ထုတ်ပြန်ကြေညာချက်တဲ့ လုပ်ပိုင်ခွင့်ကို  ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင်ရွက် ရတာလို့ သိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။