ကချင်ပြည်နယ်က ရဲအရာရှိ ၇၀ ကျော်ကို နယ်မြေပြောင်းရွှေ့

ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင် တဲ့ လုပ်သက် ၃ နှစ်ကနေ ၁၀ ကျော်အထိ ရှိတဲ့ ရဲအုပ်နဲ့ ဒုရဲအုပ်အဆင့်ရှိ အရာရှိ ၇၇ ယောက်ကို အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန် လိုက်ပါတယ်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး ကို တွေ့ရစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်တဲ့ လုပ်သက် ၃ နှစ်ကနေ ၁၀ ကျော်အထိရှိတဲ့ ရဲအုပ်နဲ့ ဒုရဲအုပ် အဆင့်ရှိ အရာရှိ ၇၇ ယောက်ကို အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အရာရှိ ၇၀ကျော် ပြောင်းရွှေ့ဖို့ အမိန့်ကျတာ ၁၀ ရက်ခန့်ရှိပြီဖြစ်ပြီး ပြောင်းရွှေ့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေ တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး ကပြောပါတယ်။

" ရဲအုပ်အဆင့်က ၅၄ ယောက်၊ ဒုရဲအုပ်အဆင့်က ၂၃ ယောက် စုစုပေါင်း ၇၇ ယောက် ပြောင်းမိန့်ထွက်လာတာ ကျနော်တို့ လေး၊ ငါး၊ ဆယ်ရက်လောက်ရှိသွားပါပြီ။ အနေကြာတွေပဲများပါတယ်။ သူတို့ နောက်တချို့လည်း ပုံမှန်ပြောင်းရွှေ့တာတွေရှိပါတယ်။ဒါပေမဲ့ အဲ့လိုအစုလိုက်အပြုံလိုက် တခါတည်း လွှဲပြောင်းမိန့်ထုတ်တော့ ကျနော်တို့တော့ နည်းနည်းတော့ ကသီတာပေါ့။ အထက်ဌာနအနေနဲ့ သူ့အစီအစဉ်နဲ့ သူလုပ်တာဆိုတော့ ကျနော်တို့တော့ အောက်ကနေ ဖြစ်အောင်ဆောင်ရွက်ပြီးတော့မှ မြန်မြန်လေး ပြောင်းရွှေ့နိုင်အောင် ဆောင် ရွက်နေပါတယ်။"

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဖားကန့်မြို့နယ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေပြောင်းရွှေ့တဲ့သတင်းကို ကြားသိရပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က အခုလိုဆောင်ရွက်တာကို ကြိုဆိုတယ်လို့ ပြောပါတယ်။

"ရွှေ့တာပြောင်းတာကောင်းတယ်လေ။ ကျနော်တို့ အဲလိုမျိုးလိုချင်တာ။ ကျနော်တို့ဖားကန့်က စခန်းတိုင်းလိုလို စခန်းမှူးတွေပြောင်းပြီ။ နောက်ဆုံးဒီမှာ မြို့နယ်မှူးကိုယ်တိုင် သူပြောင်းတော့မယ်။ အကြာကြီးထားတာ မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့လည်း တောင်းဆိုထားတာရှိတယ်။ ဒီဒေသကိုရောက်တဲ့ စခန်းမှူးတွေဟာ တရားဥပဒေစိုးမိုးရေးကို တကယ်ကို ထဲထဲဝင်ဝင်လုပ်တဲ့သူတွေ ပို့ပေးပါ။ ဒါတွေဟာ ကျနော်တို့ဒေသအတွက် တကယ်ကို လိုအပ်ပါတယ်ဆိုပြီးတော့ ကျနော်တို့လည်း တောင်းဆိုထားတာရှိပါတယ်။"

ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြစ်ကြီးနား၊ မိုးညှင်း၊ ဖားကန့် အစရှိတဲ့မြို့နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေနဲ့ နယ်ထိန်းတွေ ပြောင်းရွှေ့မိန့်ကျတာဖြစ်ပြီး ဘာကြောင့်ပြောင်းရွှေ့ရတယ်ဆိုတာ ညွှန့်ကြားချက် မှာ ရေးသားထားတာမရှိဘူးလို့ ရဲမှူးကြီးထွန်းဦး က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း လုပ်သက်ကြာပြီး နယ်မြေကျွမ်းကျင်မှုရှိတဲ့ နယ်ထိန်းတွေကို ပြောင်းရွှေ့နေရာချထား တာ ဖြစ်တဲ့အတွက် အစားထိုးခန့်အပ်ရာမှာ လိုအပ်ချက်တွေရှိနိုင်ပြီး လက်ရှိမှာ ပြောင်းရွှေ့လိုက်သူ ၇၇ ဦးအတွက် အစားထိုးခန့်အပ်နိုင်မှုဟာ ၁၅ ဦးခန့်သာ ရှိသေးတယ်လို့ ပြောပါတယ်။

လုပ်ထုံးလုပ်နည်းတွေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောင်းရွှေ့မိန့်ထုတ်ပြန်ပြီး ၂၁ ရက်အတွင်းမှာ တာဝန်ကျ ရဲအရာရှိတွေအနေနဲ့ ပြောင်းလဲတာဝန်ထမ်းဆောင်ရမယ့် နယ်မြေတွေကို ရွှေ့ပြောင်းရတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org