ကချင်ရိုးရာ မနောပွဲ စည်ကားမှု မရှိ
၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့နဲ့ ကချင်ရိုးရာ မနောပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ မနေ့က စတင် ကျင်းပနေပါတယ်။ အခုနှစ် ကျင်းပတဲ့ မနောပွဲဟာ အရင်နှစ်ကထက် လာရောက်သူ နည်းပါး တဲ့အတွက် စည်ကားမှု မရှိဘူးလို့ သိရပါတယ်။
-
2011-01-08 -
-
-
မနောပွဲကို မနေ့က မနက် ၈ နာရီမှာ မြစ်ကြီးနား ခရစ်ယန်အသင်း ကောင်စီက မနောကွင်းမုတ်ဝမှာ ဆုတောင်းပွဲ ပြုလုပ်ပြီး စတင် ဖွင့်လှစ်ခဲ့တာပါ။ တချိန်တည်းမှာ ဈေးရောင်းပွဲတော်ကိုလည်း စတင်ခဲ့ပြီး ညပိုင်းမှာ ကချင်ရိုးရာနဲ့ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေရေး အစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကို နှစ်စဉ် မြန်မာနိုင်ငံတဝှမ်းက ကချင်တိုင်းရင်းသားတွေ အပြင် နိုင်ငံခြားရောက် ကချင်လူမျိုးတွေလည်း လာရောက်လေ့ရှိပေမယ့် အခုနှစ်မှာ အရင်နှစ်တွေကလောက် စည်ကားမှု မရှိတော့ဘူးလို့ မြစ်ကြီးနား မြို့ခံတယောက်က ပြောပြပါတယ်။
“အဝေးက လူတွေ ရောက်လာတာ မတွေ့ဘူး။ တကယ်ဆို ဒီနေ့အထိတော့ ဧည့်သည်တွေ ရောက်ရမှာလေ။ အရင်တုံးကဆို တရုတ်ပြည်ကလည်း လာတယ်၊ အခုဒီနှစ် မလာဘူး။ ကေအိုင်အေလည်း မလာဘူး။ တခြားလူတွေလည်း သိပ်မလာကြပါဘူး။ ခါတိုင်းနှစ်နဲ့ မတူတော့ဘူး။ ကျမတို့လည်း မခံစားတတ်တော့ဘူး။ ဘယ်လို ပြောရမှန်းကို မသိဘူး။ ဈေးကတော့ ရောင်းနေကြပါတယ်။ တခြား စတိတ်ရှိုးတို့ အားလုံးကတော့ လုပ်ပါတယ်။ ဒါပေမယ့် လူမများတာ၊ လူမစည်တာပေါ့နော”
ကချင်ပြည်နယ်နေ့နဲ့ ရိုးရာမနောပွဲကို ဇန်နဝါရီလ ၇ ရက်နေ့ ကနေ ၁ဝ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေက ဒီလိုပွဲမျိုးကို ကချင် တိုင်းရင်းသားတွေသာ ပါဝင်တဲ့ မနော ကော်မီတီက ဦးစီးပြီး လွတ်လွတ်လပ်လပ် ကျင်းပကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ အဲဒီ မနောကော်မီတီကို မြောက်ပိုင်းတိုင်းရဲ့ ထိန်းချုပ်မှု အောက်ကနေ လုပ်ရတာဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံ ကချင် အမျိုးသားတယောက်က ပြောပါတယ်။ ကချင်တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ရိုးရာပွဲတွေကို ကိုယ်တိုင် လွတ်လွတ်လပ်လပ် ကျင်းပခွင့် ရှိရမယ်လို့ ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝါက ဆိုပါတယ်။
“မနောပွဲဆိုရင် ကချင်လူမျိုးတွေအတွက် အရေးကြီးတဲ့ ပွဲတော်တခုဖြစ်တယ်။ ဒါကြောင့် လွတ်လွတ်လပ်လပ် ကျင်းပခွင့် ရှိရမယ်။ လွတ်လွတ်လပ်လပ်၊ ကချင်လူမျိုးများရဲ့ ဆုံးဖြတ်ချက်၊ စီစဉ်ခွင့်တွေ ရှိရမယ်။ အခုကတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လက်အောက်မှာ လုပ်နေတဲ့သဘောမျိုး ဖြစ်တယ်ဆိုတော့ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရှိဘူး။ ဒါကိုတော့ လုံးဝ သဘောမကျပါဘူး၊ ကော်မီတီထဲမှာတော့ နေရာမယူဘူး၊ ဒါပေမယ့် ကော်မီတီရဲ့ ဆုံးဖြတ်ချက်ဟာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲ လုပ်နေရတဲ့သဘောမျိုး ဖြစ်တယ်”
ပြီးခဲ့တဲ့ နှစ်တွေက ကချင်ပြည်နယ်နေ့နဲ့ ကချင်ရိုးရာ မနောပွဲမှာ KIA ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ N-DAK ဒီမိုကရေစီသစ် တပ်မတော် အဖွဲ့တွေပါ ယူနီဖောင်းဝတ်စုံတွေ၊ လက်နက်တွေနဲ့ အတူ လာပြီး မနော ကကြတဲ့အပြင် ပြည်တွင်းပြည်ပ ကချင်တိုင်းရင်းသားတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပြီး စည်ကားခဲ့ပါတယ်။
ကချင်တိုင်းရင်းသား အဖွဲ့အစည်းတွေထဲက အင်အားအကြီးဆုံး ကချင် လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာစစ်အစိုးရ အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး ဆက်ဆံရေး တင်းမာလာတာက တကြောင်းနဲ့ ဒီပွဲကို စစ်အစိုးရ ထိန်းချုပ်မှုအောက်မှာ ကျင်းပရတာကြောင့် အခုလို စည်ကားမှု လျော့နည်းရတာ ဖြစ်တယ်လို့ ဒေသခံ ကချင်တိုင်းရင်းသားတွေက ပြောပါတယ်။