ကလေး လေယာဉ်ကွင်းအနီး ဗုံးပေါက်ကွဲတာကြောင့် လေယာဉ်ပြေးဆွဲမှု ရပ်နားထားရ
ကလေးမြို့ လေယာဉ်ကွင်းအနီးမှာ ဒီနေ့မနက်ပိုင်း ဗုံးပေါက်ကွဲခဲ့တာကြောင့် လေယာဉ်ပြေးဆွဲမှု အားလုံးရပ်နားလိုက်ရတယ်လို့ ဒေသခံတွေနဲ့ လေယာဉ်လက်မှတ်အရောင်းဌာနတွေက RFA ကို ပြောပါတယ်။
-
RFA Burmese
2023-11-21 -
-
-
စစ်ကိုင်းတိုင်း၊ ကလေးမြို့ လေယာဉ်ကွင်းအနီးမှာ နိုဝင်ဘာ ၂၁ ရက် ဒီနေ့ မနက်ပိုင်း ဗုံးပေါက်ကွဲခဲ့တာကြောင့် လေယာဉ်ပြေးဆွဲမှု အားလုံး ရပ်နားလိုက်ရတယ်လို့ ဒေသခံတွေနဲ့ လေယာဉ်လက်မှတ် အရောင်းဌာနတွေက RFA ကို ပြောပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့အတွက် ရန်ကုန် - ကလေး အသွားအပြန် ခရီးစဉ်အားလုံး ရပ်နားလိုက်တာဖြစ်ပြီး တခြားညွန်ကြားတာ မရှိသေးဘူးလို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။
“ဗုံးပေါက်တာက မနက်အစောပိုင်းမှာ ပေါက်တာ၊ လေယာဉ်ကွင်း အပြင်ဘက် ထိပ်နားလေးမှာပါပဲ။ ဒီနေ့အတွက်ပဲ ခရီးစဉ်က ဖျက်တာ။ ကျန်တဲ့ရက်တွေအတွက် ဘာမှမညွှန်ကြားသေးပါဘူး”
လက်ရှိ လေဆိပ်အတွင်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်သား အများအပြား လုံခြုံရေး ယူထားတယ်လို့ ကိုယ်တိုင်တွေ့ခဲ့တဲ့ ဒေသခံတွေတွေက ပြောပါတယ်။
ဗုံးကွဲမှုကြောင့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ကလေးမြို့ဟာ လေကြောင်းခရီးကိုပဲ လက်ရှိ အဓိက အားထားနေရတာကြောင့် လေကြောင်း ခရီးစဉ်တွေ ရပ်နားမှာ စိုးရိမ်တယ်လို့ ကလေးမြို့ကနေ ရန်ကုန်မြို့ကို ခရီးသွားမယ့် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အတိအကျ မသိရသေးတာပါ။ အခု လောလောဆယ်တော့ ခရီးစဉ်ကို အကန့်အသတ်မရှိ ရပ်နားတယ်လို့ ကြားထားတယ်။ လေကြောင်းတွေ လုံးဝ ပိတ်လိုက်ရင် ခရီးသွားလာဖို့ တအား ဒုက္ခရောက်မှာပါ။ အခု လောလောဆယ် ကလေးမြို့က လေကြောင်း အဓိကထား သွားလာနေရဆိုတော့လေ။ ကျွန်မရဲ့ လေယာဉ်လက်မှတ်ကိုတော့ အစားထိုး ပြန်လဲပေးမယ်လို့ ပြောတယ်”
စစ်ကောင်စီ တပ်ကတော့ နိုဝင်ဘာလ ၂၁ ရက် ဒီနေ့ မနက်အစောပိုင်းကတည်းက ကလေးမြို့ မြောက်ပိုင်းမှာရှိတဲ့ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။