ကလေးမှာ သားအမိနှစ်ဦး ဖမ်းဆီးခံရပြီး ဆိုင်ကိုပါ ချိပ်ပိတ်

PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

ကလေးမြို့ လမ်းဆုံအနီးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့က တွေ့ရစဥ်။

စစ်ကိုင်းတိုင်း ကလေးမြို့ အောင်သစ္စာရပ်ကွက် ကလေးလေဆိပ်အနီးက စားသောက်ဆိုင်တစ်ခုကို စစ်ကောင်စီတပ်က မေလ ၂၃ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး ဆိုင်ပိုင်ရှင် သားအမိကို ဖမ်းဆီးခဲ့သလို ဆိုင်ကိုလည်း ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

“မနေ့က ၂ နာရီဝန်းကျင်လောက်က အဲဒီဆိုင်ကို ဝင်စီးတာ။ ဆိုင်ပိုင်ရှင် အန်တီဆွေနဲ့ သူ့ရဲ့ သမီးကို ဖမ်းသွားတယ်။ အခုထိ သူ့မိသားစုဝင်တွေနဲ့ အဆက်သွယ်မရသေးဘူး”

သူတို့ကို ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒ.က.စ) မှာ ဖမ်းဆီးစစ်ဆေးနေတာလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး နိုင်ငံတစ်ဝန်းမှာ လူနှစ်သောင်းကျော် ( ၂၀,၄၇၉ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org