ကလေးမြို့နယ်တိုက်ပွဲ တစ်လအတွင်း အရပ်သား ငါးဆယ်ကျော် သေဆုံး

ကလေးမြို့မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေကြောင့် တစ်လအတွင်း အရပ်သား ၅၂ ဦးသေဆုံးခဲ့တယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်း ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲတွေကြောင့် တစ်လအတွင်း အရပ်သား ၅၂ ဦးသေဆုံးခဲ့တယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ က RFA ကို ဒီနေ့ပြောပါတယ်။

ဒီစာရင်းတွေဟာ ဒေသခံတွေကို ဆက်သွယ်အတည်ပြုထားတာလို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင် ကော်မတီ က ကိုဗိုက်ပူက ပြောပါတယ်။

"ကျွန်တော်တို့က အကုန်လုံးကို စာရင်းမကောက်နိုင်သေးဘူး။ အခု လက်ရှိစာရင်းအရ အနည်းဆုံး ငါးဆယ်ကျော် ရှိပြီ၊ ဖုန်းလိုင်းမရတာ စသဖြင့် အကုန်မကောက်နိုင်သေးတာ ဒီထက်များနိုင်သေးတယ်"

သေဆုံးသူတွေထဲက လူ ၄၇ ဦးကတော့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး ကျန်ငါးဦးကတော့ လမ်းပေါ်တွေမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစလို့ ဒီနေ့အထိ ပစ်ခတ်မှုတွေ နေ့တိုင်းလိုလို ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ကလေးမြို့နယ်ကျောင်းတိုက်ရွာမှာ စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အဲဒီရွာက အရပ်သား ၂၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၁၇ ရက်နေ့ကနေ မတ်လ ၂၉ အရက်အတွင်းမှာ စစ်ကောင်စီတပ်ကြောင့် ရှားတောကျေးရွာက ဒေသခံ နှစ်ဦး၊ ရှားဘိုကျေးရွာက ဒေသခံ နှစ်ဦး၊ ယောက်ချိုကွင်းကျေးရွာက တစ်ဦး၊ စီးစံကျေးရွာက ဒေသခံ တစ်ဦး၊ ဆင်ရွာကျေးရွာက တစ်ဦး၊ ဒိုးဝိုင်းချောင်းကျေးရွာက တစ်ဦး၊ ထိုမာကျေးရွာက ဒေသခံနှစ်ဦး၊ လက်ပံချောင်း ကျေးရွာက ဒေသခံငါးဦး ၊ပျဉ်းခုံကြီးကျေးရွာက ဒေသခံသုံးဦး၊ ပျဉ်းခုံလေးကျေးရွာက သုံးဦး စုစုပေါင်း ၂၁ ဦး ကျေးရွာတွေမှာ သေဆုံးခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ဖေဖော်ဝါရီ ၂၉ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် မွန်းလိုင်ရပ်ကွက်က မိသားစုဝင် သုံးဦး၊ ကြို့သုံးပင်ရပ်ကွက်မှာအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး စမ်းမြို့၊ တာဟန်းနဲ့ တပ်ဦးသီတာ ရပ်ကွက်အတွင်း လမ်းပေါ် ဆိုင်ကယ်နဲ့ သွားလာနေတဲ့ ဒေသခံ ငါးဦး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမူရေးဝန်ကြီး ဦး ညွန့်ဝင်းအောင် ဒါဟာ တပ်မတော်ကို တမင်စွပ်စွဲချက်သာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"တိုက်ပွဲဖြစ်တယ်ဆိုမှတော့ နှစ်ဖက်စလုံးက ပစ်ကြ၊ ခတ်ကြတာပေါ့။ ကျွန်တော့်အနေနဲ့ စစ်တပ်က လက်နက်ကြီးနဲ့ နေအိမ်ထဲ၊ ရပ်ကွက်ထဲပစ်တယ်လို့ မသိရပါဘူး။ အဲတော့ တမင်သက်သက် စွပ်စွဲတာဖြစ်မယ်။ အကြမ်းဖက်သောင်းကျန်သူတွေက အရပ်သားတွေကို တိုက်ခိုက်တာတွေ့နေရတာပဲလေ၊ သတင်းတွေမှာလည်း တက်တယ်လေ "

တိုက်ပွဲတွေကြောင့် ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းကျေးရွာတွေအပါအ၀င် မြို့ပေါ်ရပ်ကွက်တွေ ဖြစ်တဲ့ တာဟန်း၊ မွန်းလိုင်၊ ကြို့သုံးပင်၊ လှိုင်သာယာ စတဲ့ ရပ်ကွက်တွေက ဒေသခံနှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org