ကလေးမြို့က ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
ကလေးမြို့၊ စမ်းမြို့ရပ်ကွက်မှာ ဇူလိုင် ၃၀ ရက်နေ့က အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-08-01 -
-
-
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်မှာ ဇူလိုင်လ ၃၀ ရက်နေ့က အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့က စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင် ၂၅ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်အထိ အောင်သစ္စာ၊ ပင်လုံ၊ စမ်းမြို့၊ တာဟန်း၊ တောင်ဖီလာ စတဲ့ ရပ်ကွက်တွေက နေအိမ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးခဲ့တာပါ။
နေအိမ်တွေမှာ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ ဧည့်စာရင်းတွေ စစ်ဆေးပြီး အိမ်ထောင်စုစာရင်းထဲမှာ ရှိတဲ့ လူတစ်ယောက်ချင်းစီကို စစ်ဆေးမေးမြန်းတာလည်း လုပ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ (စစ်ကောင်စီတပ်) မသင်္ကာတဲ့ရပ်ကွက်တွေကို ဝင်စစ်တာ၊ PDF နဲ့ပတ်သက်တဲ့သူကို ရှာတာပေါ့။ စမ်းမြို့က အမျိုးသားနှစ်ဦး ဖမ်းဆီးပြီး ကလေးမြို့ ဒကစထဲခေါ်သွားတယ်"
ဖမ်းဆီးခံရသူတွေဟာ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာမသိရသလို အခုအချိန်အထိ အဆက်အသွယ် မရသေးဘူးလို့လည်း သူက ပြောပါတယ်။
ဒီ့အပြင် တာဟန်းရပ်ကွက်နဲ့ နေပြည်တော် ရပ်ကွက်ကြား ဝန်ထမ်းအိမ်ရာအနီးက လမ်းထောင့်တွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ အရပ်သားတွေရဲ့ ဖုန်းကို စစ်ဆေးတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ နှစ်သောင်းကျော် (၂၀,၈၀၉) ရှိနေတယ်လို့ ဆိုပါတယ်။