ကလေးမြို့နယ်မှာ အရပ်သားနှစ်ဦးနဲ့ PDF တစ်ဦး သတ်ဖြတ်ခံရ
ကလေးမြို့နယ် ပျဉ်းတော်ဦးနဲ့ နန်းစောင်းပုရွာအနီးမှာ သတ်ဖြတ်ခံထားရတဲ့ အရပ်သားနှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဧပြီလ ၆ ရက်နေ့က တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-04-07 -
-
-
ကလေးမြို့နယ်မြောက်ပိုင်း ပျဉ်းတော်ဦးနဲ့ နန်းစောင်းပုရွာအနီးမှာ သတ်ဖြတ်ခံထားရတဲ့ အရပ်သားနှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဧပြီလ ၆ ရက်နေ့က တွေ့ခဲ့ရတယ်လို့ ကလေးဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေအထဲ အသက် ၂၀ နဲ့ ၃၀ အရွယ်ဝန်းကျင် အမျိုးသားတစ်ဦး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ အသက် ၁၈ နှစ်အရွယ် Sui Khaw Muang တို့ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တော့ သူတို့ကရွာထဲမှာပဲကျန်ခဲ့လို့ ဖမ်းဆီးခံရတာလား၊ ထွက်ပြေးရင်းနဲ့ မိတာလားဆိုတာတော့ မပြောနိုင်ဘူး။ မနေ့က ရုပ်အလောင်းတွေတွေ့တယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း တီးတိန်အခြေစိုက် အဖွဲ့တစ်ခုထဲကပဲ”
ကလေးမြို့နယ်မြောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် အကြား မတ်လ ၃၀ ရက် ကနေ ဧပြီလ ၅ ရက်အထိ ခုနစ်ရက်အကြာ တိုက်ပွဲပြင်းထန်ခဲ့ တာပါ။
ဒီနှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း လုပ်ခဲ့ပြီး ပျဉ်းတော်ဦးရွာက လူနေအိမ်လေးလုံး၊ စပါးကျီတစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အပြင် လက်နက်ကြီးကြောင့် နှစ်ခြင်းဘုရားကျောင်း၊ AG ဘုရားကျောင်းနဲ့ ဘုရားကျောင်း ရိပ်သာတစ်ခု ပျက်စီးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (အထက် ချင်းတွင်းဒေသ) က ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
တိုက်ပွဲတွေကြောင့် နန်းချောင်း၊ သာယာကုန်း၊ အင်ကျင်းခုံ၊ ပျဉ်းတော်ဦး၊ ညောင်ကုန်း စတဲ့ရွာတွေအပါအဝင် ကျေးရွာ ၁၇ ရွာကဒေသခံ ၅၀,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ခံ ကိုဂျပန်ကြီးကတော့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေဟာ ကလေးမြို့ကို ထွက်ပြေးခဲ့ကြတာရှိသလို တောင်ကြားတွေထဲ နေထိုင်ကြရသူတွေလည်း ရှိတာကြောင့် အကူအညီလိုနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးကြဖို့လည်း သူက တိုက်တွန်းပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ ၃၂၂၀ ဦး ရှိလာ နေပါတယ်။